
———————-
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး လေ့လာသုံးသပ်ချက် အစီအစဉ်မှာ “ချင်း၊ ရခိုင်နဲ့ ပလက်ဝပြဿနာ” ဆိုတဲ့ အစီအစဉ် ပါလာပါတယ်။ အဲဒီအစီအစဉ်ဟာ လွတ်လပ်ရေးရကတည်းက ချင်းအသိုက်အဝန်းမှာရော
မြန်မာ့နိုင်ငံရေးအသိုက်အဝန်းမှာပါ မေ့လျော့ခံထားရတဲ့ ပလက်ဝဒေသကို ကမ္ဘာ့အဆင့်မီဒီယာပင်မစီးကြောင်းပေါ် ဆွဲတင်တာဖြစ်တဲ့အတွက် ကြိုဆိုရမယ့်ကိစ္စလို့ တွက်ဆလို့ရပါတယ်။ ဒါနဲ့အတူ ဦးအောင်ခင်ရဲ့ အချက်အလက်အချို့ လွဲမှားနေမှုနဲ့ ဒီသတင်းအပါ် တုံ့ပြန်ကြတဲ့ အလွှာအသီးသီး၊ ကဏ္ဍအသီးသီးက တတ်သိပညာရှင်တွေအပြင် သက်ဆိုင်ရာ ပတ်သက်သူတွေရဲ့ မှတ်ချက်စကားတွေက ဘယ်သူ ဘယ်အဆင့်ကနေ ဘယ်ဦးတည်ချက်နဲ့ ဘာလုပ်နေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရတာပါ။ အဲဒီအချက်တွေအများကြီးထဲက အရေးပါတဲ့ အချက်အနည်းငယ်ကို တင်ပြပါ့မယ်။
-ဦးအောင်ခင်နဲ့ သတင်းတန်ဖိုး-
ဦးအောင်ခင်ဟာ လေးစားစရာကောင်းတဲ့ မြန်မာ့ပညာရှင်တစ်ဦးဖြစ်ပါတယ်။ တိတိကျကျ ဖော်ပြရခက်ပေမယ့် သူ့စာတမ်းတွေကို ကျွန်တော်ကိုယ်တိုင်လေ့လာခဲ့ဖူးမယ် ထင်ပါတယ်။ အခုကိစ္စအတွက်လည်း သူ့ဆီမှာ သတင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ၊ အထောက်အထားတွေ ခိုင်ခိုင်မာမာ ရှိနေခဲ့ပြီး ဖြစ်ပါလိမ့်မယ်။
ဒါမေမယ့် သူ(ဦးအောင်ခင်)ဟာ ယခုတင်ပြတဲ့ သတင်းအပေါ် အချက်အလက်တွေ မှားယွင်းပြောဆိုမှု ရှိခဲ့ပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးက လေးစားထိုက်တဲ့ ပုဂ္ဂိုလ်အနေနဲ့ “ပညာရှိသတိဖြစ်ခဲ”လား၊ သတင်းတန်ဖိုးအပေါ် အလေးအနက်မထားတာလား ဆိုတာကိုတော့ သူကိုယ်တိုင်ပဲသိပါလိမ့်မယ်။
၁။ ပလက်ဝဒေသဟာ ၁၈၂၄ ပထမ အင်္ဂလိပ်-မြန်မာစစ် ရန္တပိုရ်စာချုပ်အရ မြန်မာအစိုးရက ပေးလိုက်ရတဲ့ ရခိုင်ကမ်းမြောင်ဒေသထဲ မပါဘူး။ အင်္ဂလိပ်က ပလက်ဝနယ်တစ်ခုလုံးကို ၁၈၆၈ ဝန်းကျင်လောက်မှာ တစိတ်တစ်ပိုင်း ထိန်းချုပ်နိုင်ခဲ့ပေမယ့် ၁၈၇၈ ပလက်ဝမြို့ပေါ် ရုံးစိုက်တဲ့အခါကျမှ အလုံးစုံထိန်းချုပ်နိုင်တယ်လို့ ပြောရမယ်။ ဒါ တောင်အပြည့်အဝမဟုတ်ဘူး။ အဲဒီတုန်းက အင်္ဂလိပ်ယူနီယံဂျက်အလံစိုက်ခဲ့တာ
ကုလက်ချောင်းဝ(မီးဇာရွာ အထက်နား) အထိပဲ။ ရိုက်ကီစိုတောင်မင်းလဟောက်ကို The Chief of Khumi Tribes ခန့်ပြီး ခူမီး(ချင်း)တွေကို ချွေးသိပ်ခဲ့တာလည်း ပါတာပေါ့။
အင်္ဂလိပ်တွေ ပလက်ဝနယ်ကို ကျူးကျော်ဝင်ရောက်ခဲ့တုန်းက ခုခံစစ်ကို စ တိုက်တာ တက္တူးစိုအနွယ်ရွာဖြစ်တဲ့ တင်းမရွာကပဲ။ အခုအဲဒီရွာက ရခိုင်ရွာဖြစ်နေပြီ၊ ခူမီး(ချင်း)တွေက အင်္ဂလိပ်လက်ထဲ အပ်လိုက်ရတာကိုး။
၂။ ဦးအောင်ခင်ပြောသလို ပလက်ဝနယ်ဟာ လွတ်လပ်ရေးရပြီး ၁၉၆၀ ကျမှ ချင်းဝိသေသတိုင်းထဲ ပါဝင်ခဲ့တာမဟုတ်ဘူး။ လွတ်လပ်ရေးခေတ်ဦး ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကတည်းကပါဝင်လာခဲ့တာဖြစ်တယ်။ အပြည့်အစုံသိချင်ရင် ဒေါက်တာရွှေခါးရေးတဲ့ “ပလက်ဝသည် ချင်းပြည်” ဆောင်းပါးကို ဖတ်ပါ။
အရင်ကတည်းက မှေးမှိန်နေတဲ့ ပလက်ဝဒေသ သတင်းကို (မိုးလေဝသ သတင်းကြေညာသူတွေလို “ထူးခြားမိုး ရေချိန်အနေနဲ့ ရခိုင်ပြည်နယ်၊
ကျောက်တော်မြို့မှာ နှစ်ဒဿမတစ်လက်မ၊ ပလက်ဝမြို့မှာ နှစ်လက်မ..”ဆိုပြီး ရောမချ စေချင်ပါဘူး။
-ရခိုင်များ ပလက်ဝအရေးမှာ ယခုထက်ပို ရိုးသားပေးဖို့-
ဦးအောင်ခင်ရဲ့ သတင်းတင်ဆက်မှုအောက်က ရခိုင်လား၊ ရခိုင်အယောင်ဆောင်လား မသိတဲ့သူတွေရဲ့ အပြု သဘောမဆောင်တဲ့
မှတ်ချက်စကားတွေဟာ နှစ်ဘက်ကြား ပြဿနာကိုပဲ ဦးတည်စေပါတယ်။ ပလက်ဝမြေပေါ် အေအေ အခြေချတဲ့ ၂၀၁၅ ကတည်းက ခူမီးတွေက
အေအေတွေကို မကြိုဆိုဘူးဆိုတာ သိပြီးဖြစ်ပါလိမ့်မယ်။
ဘယ်သူကများ သူတစ်ပါးအကျိုးစီးပွားဖြစ်ထွန်းဖို့ ကိုယ့်ရပ်ရွာ ကိုယ့်အိမ်ယာ အပျက်စီးခံချင်လို့လဲ။ အားမတန် လို့ မာန်လျှော့ခဲ့ရတာပဲ ရှိတယ်။
ဒါတွေကို ရခိုင်ဒီမိုကရေစီ အိုင်ကွန်တွေ၊ ဖိနှိပ်ခံလူတန်းစားဘက်က တစ်ဘဝလုံး အဆုံးခံ ရပ်တည်ပါတယ်ဆိုတဲ့ ရခိုင့်တော်လှန်ရေး ဘိုအေကြီးတွေ သိသင့်တာပေါ့။
၁။ တော်လှန်ရေးမဟာဗျူဟာအရ အခြေချတာပါလို့ အေအေကပြောတယ်။ ဒေသခံခူမီး(ချင်း)တွေကို လေးစား သမှုမပြုခဲ့ဘူး။
“တော်လှန်ရေးလုပ်တာ အစိုးရဆီကခွင့်ပြုချက်တောင်းပြီးမှ လုပ်ခဲ့တာမှမဟုတ်တာ..” ဆိုတဲ့ ခိုင်သုခရဲ့ လေသံအတိုင်း ပလက်ဝနယ်မှာ တော်လှန်အခြေချမယ်ဆို ဒေသခံ မျိုးနွယ်စုခေါင်းဆောင်တွေကို အသိ ပေးသင့်ရက်နဲ့ မပေးခဲ့ဘူး။ (ခေတ်စကားနဲ့ ပြောရရင် အေအေ(ခေါင်းဆောင်တွေက အစ)က မိုက်ရိုင်းတာပဲ။
၂။ ပလက်ဝနယ်ကို ရခိုင့်တော်လှန်ရေးနယ်မြေအဖြစ် စိတ်ကြိုက်သတ်မှတ်ပြီး ထင်တိုင်းကျဲတယ်၊ မိုက်ကြေးခွဲ ဆက်ကြေးကောက်တယ်၊ လူသတ်တယ်၊ မထင်ရင်မထင်သလိုဖမ်းတယ် (အမျိုး သားလွှတ်တော်ကိုယ်စားလှယ်ပါ ပါတယ်)၊ သတင်းမီဒီယာကို ပိတ်ပင်တယ်။ ဒါက ချင်းတွေကို လူမထင်တဲ့ လုပ်ပေါက်ပဲ။
၃။ အပေါ်လွှာမှာ၊ သံခင်းသမန်ခင်းအလွှာမှာ အေအေတွေကမှန်ပြီးတော့ ဒေသခံတွေကပဲ မှားနေသယောင်၊ စစ် အာဏာရှင်စနစ်ကို တိုက်ထုတ်ပါတယ်ဆိုတဲ့ မျက်နှာဖုံးအောက်မှာ အေအေကိုယ်တိုင်က စစ်ဦးဘီလူးဖြစ်နေတာ ရခိုင်ပညာရှင်တွေ မသိဘဲနေမလား။ သူတို့ကိုယ်တိုင် ရေငုံနှုတ်ပိတ်နေလို့ပေါ့။ အမှန်တော့ မြောက်သုံးကောင်ဟာ ဘယ်စစ်အာဏာရှင် စနစ်ကိုမှ မတိုက်ဘူး။ ဘာလို့လဲဆို သူတို့ကိုယ်တိုင် စစ်အာဏာရှင် ဖြစ်နေလို့ပဲ။
၄။ အခု ခိုင်သုခကပြောတယ်၊ ပလက်ဝနယ်ကို နယ်မြေတည်ငြိမ်အေးချမ်းရေးကို ဦးတည်ပြီး အုပ်ချုပ်စီမံရေး
လုပ်မတဲ့။ ၂၀၁၅ ပြောတဲ့စကားနဲ့ ၂၀၂၄ ပြောတဲ့စကားကို ညီမျှခြင်းချရင် နယ်ချဲ့ဝါဒ(Desire for imperialism) လို့ အဓိပ္ပာယ်ထွက် တယ်။ အဲဒါကို ချင်းငပေါလေးတွေကိုလည်း သိစေချင်တယ်။ အံမယ် အချို့ ချင်းငပေါလေးတွေက တက်ယောင်ကားလုပ်ပြီး နိုင်ငံရေး/ တော်လှန်ရေးဂုရုကြီးလေသံနဲ့ ပလက်ဝနယ်က စစ်ကောင်စီစခန်းကို တိုက်ထုတ်ပေးလို့ဆိုပြီး အေအေကို ကျေးဇူးရှင်အမှတ်နဲ့ ကိုးကွယ်ရအုံးမတဲ့။ အေး ကိုယ့်အိမ်ဦးခန်း ချီးတက်ပါ တဲ့သူကို ခွေးမောင်းပေးလို့ဆိုပြီး ကျေးဇူးရှင်အမှတ်နဲ့ ကိုးကွယ်ချင်ရင် “ ဘုရားသခင်နာမ၌ အာမင်…” လိုက်ကြပေါ့။
၅။ တော်လှန်ရေးလုပ်တာ အွန်လိုင်းရှော့ပင်နဲ့ မရဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် မူးယစ်ဆေးဝါး အကြီးအကျယ် ရောင်းဝယ်ဖောက်ကားတာကိုတော့ ဆန့်ကျင်ရလိမ့်မယ်။ အေအေက မူးယစ်ဆေးဝါးရောင်း/ မရောင်း
ဆိုတာ မူးယစ်ဆေးဝါးနဲ့ ပက်သတ်တဲ့ နိုင်ငံတကာအေဂျင်စီတွေကို မေးပါ။ ဒါတွေကြောင့် ပလက်ဝနယ်နဲ့ ပက်သတ်ရင် ရခိုင်တွေ အခုထက်ပိုရိုးသားပေးဖို့ လိုပါတယ်။ဒါတွေဟာ ပလက်ဝဒေသကြုံရတဲ့ အကြပ်အတည်းဖြစ်ပါတယ်။ အချို့က အာရက္ခနိုင်ငံတော် တည်ထောင်ရေးကို
ဆန့်ကျင်သူလို့ မြင်ကောင်းပါရဲ့။ ကျွန်တော်က “ချင်း”ပါ။ အာရက္ခနိုင်ငံတော်အတွက် သွေးတစ်စက်မပြောနဲ့ ချွေးတစ်ပေါက်မျှ တာဝန်မရှိဘူးလို့ ကျွန်တော်ခံယူတယ်။ ဒီတော့ ချင်းပြည် ပလက်ဝကို ဒီထက်ပို ဂရုစိုက်ပေးဖို့ လိုပါလိမ့်မယ်။
ဆက်ရေးပါအုံးမည်။
ဆလိုင်းခင်တလင်း (မေ ၃)