စစ်ကယူဆောင်လာသည့် လက်ဆောင်များကို ထုပ်ပိုးခြင်း အပိုင်း (၆)

စစ်ကယူဆောင်လာသည့် လက်ဆောင်များကို ထုပ်ပိုးခြင်း

အောင်လိန်း
အပိုင်း (၆)
မနေ့ညက လက်နက်ကြီးသံတော်တော်များများ ကြားရသည်မို့ ညဘက်တိုက်ပွဲ ပြင်းထန်ဟန်ရှိသည်။ လက် နက်ကြီးသံကလည်း အဝေးကြီးမဟုတ်။ အနောက်ဘက်တောင်ကုန်းနှင့် အရှေ့ဘက်ကုလားတန် ပရောဂျတ် တောင်ကုန်းတွင် ဖြစ်လိမ့်မည်။ များဆို အဲဒီလောက်အများကြီး ပစ်ခတ်သံကို အရင်တစ်ခါမှ အကြားဖူးခဲ့။
မနက် ခုနှစ်နာရီကျော်ကျော်လေးတွင် လူမရှိတော့သည့် အိမ်ရှေ့ကအိမ်တွင် အသိတစ်ယောက်ကိုတွေ့၍ မေး ကြည့်ရာ မနေ့ညက မြို့တွင်းပစ်ခတ်မှုဖြစ်တာကြောင့် ရဲစခန်းပျက်စီးသွားကြောင်း၊ အနီးအနားအိမ်များ ထိ ခိုက်မှုမရှိသော်လည်း ရဲတွေအသေအပျောက်ရှိကြောင်း သိရသည်။

အောင်လိန်းတို့လင်မယား မျက်နှာတောင်မသစ်အားပဲ မြို့ထဲပြေးလာခဲ့သည်။ မြို့မရဲစခန်းမှာ အဆောက်အ ဦရှိနေသေးသော်လည်း လက်နက်ကြီးဒဏ်ကြောင့် အတော်ပျက်စီးနေသည်။ မည်သည့်ဈေးဆိုင်မျှမရှိ။ ဟင်းသီးဟင်းရွက်ဆိုင်သုံးဆိုင်သာရှိသည်။ အသားငါးရောင်းသူမရှိ။ ဈေးလမ်းထောင့်က မုန်းတီဆိုင်လေးကဖွင့်နေ သေးသည်မို့ နှစ်ယောက်သား တစ်ယောက်တစ်ခွက် စား
ဖြစ်သည်။မုန့်တီစားနေတုန်း ဆေးရုံဝန်ထမ်းတစ်ဦးရောက်လာပြီး ဆေးရုံတွင် မည်သူ့မျှမရှိတော့သဖြင့် မလာတော့ရန်နှင့် ခွဲခန်းရှေ့တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျဉ်တစ်ခုစိုက်နေကြောင်း ပြောပြသည်။ သူကပင်ဆက်ပြီး
“မနက်အစောကြီး ဒဏ်ရာကြီးနဲ့ ရဲတစ်ယောက်ကို လာပို့တာရှိတယ်။ ဆေးရုံမှာ ဘယ်သူ့မှ မရှိတော့လို့ ဒီအတိုင်း ထားခဲ့လိုက်ရတယ်။ ဒဏ်ရာကပြင်းကုမယ့်သူမရှိဆိုတော့သေလော
က်တယ်”အောင်လိန်း မည်သို့မျှတွေး၍မရ။ မတွေးတတ်။ ပြည်သူ့လုံခြုံရေးတာဝန်ယူပေးနေသည့် ပြည်သူ့ဝန်ထမ်းတစ်ယောက်၏ နောက်ဆုံးအခြေအနေသည်ကား ကူရာကယ်ရာမဲ့ဘဝ ရောက်ရသည့်အဖြစ်။ သို့သော်မတက်နိုင်ပြီ။
အိမ်ကိုတော့ ခဏဝင်ကြည့်အုံးမည်။ အိမ်က အပြင်ဘက်ကြည့်ရင် အကောင်းအတိုင်း။ အထဲဝင်ကြည့်လိုက်မှ ပြူတင်းမှန်စများနှင့် ဗီဒိုမှန်စများ ပြန့်ကျဲနေသည့်ကြားက အချို့ပရိဘောဂပစ္စည်းအပျက်အစီးများနှင့် ဖွာလန်ကျဲ နေသည့်ကို တွေ့ရသည်။ ရေတိုင်ကီလည်း ပေါက်နေသည်။ မဖြစ်ချေဘူး၊ ပြင်မှရမည်။ ထိုအချိန်တွင်စက်လှေပေါ် ပစ္စည်းတင်ပြီးနေပြီဖြစ်၍ အမြန်လာခဲ့ရန် အပီး၏အမှာတော်စကား ရောက်လာသည်။ အောင်လိန်းတို့စုံတွဲသုတ်ခြေ တင်ရပြန်သည်။

ကိုယ့်အတွက် အရေးပေါ်လိုအပ်မည့် ပစ္စည်းနှင့် အရေးတကြီးလိုအပ်မည့်ပစ္စည်းက မည်သည့်ပစ္စည်းများပါလိမ့်။ ယခုရွေးချယ်ရတော့မည်။ စဉ်းစားသည်မရ။ မည့်သည့်ပစ္စည်း ယူသွားရမည်နည်း။ မည်သို့မျှ စဉ်းစားမရ သည့်အဆုံး “ခိုင်နီး” နှစ်ဘူးယူလာပြီးကမ်းနားဆင်းလာခဲ့
သည်။ကမ်းနားရောက်တော့ အောင်လိန်းတို့ မိသားစုအတွက်သီးသန့်မှာထားသည့် စက်လှေပေါ် လူပြည့်နေလေပြီ။ အခြေအနေကိုအောင်လိန်း နားလည်ပါသည်။ သည်အချိန်မျိုးက “မတက်နဲ့၊ ဒါ ငါတို့ကိုယ်ပိုင်ငှားထားတဲ့ စက် လှေ…” ပြောကောင်းသည်မဟုတ်။ အကုန်လုံးက ဒုက္ခသည်။ အကုန်လုံးက ကူရာကယ်ရညမဲ့။ မနက် ဆယ်နာရီ ထိုးပါပြီ။ လူလေးဆယ်စီးလာသည့် အောင်လိန်းတို့ စက်လှေလည်း ထွက်လာခဲ့
ပါပြီ။အောင်လိန်း စက်လှေပေါ်တစ်ချက်ဝေ့ကြည့်သည်။ ကလေးနို့တိုက်နေသည့် မျက်နှာအိုအိုနှင့် မိခင်တစ်ဦး၏ မျက် နှာကို တည့်တည့်တိုးသည်။ ငယ်ငယ်ကကြည့်ခဲ့ရသည့် “တိုက်တန်းနစ်” ရုပ်ရှင်ကားကထဲက အသက်ကယ် လှေ နှင့်ပြေးရသည့်မြင်ကွင်းကိုကြည့်ရင်း မျက်ရည်ဝဲဖူးသည်ကို သတိရသည်။ အကြည့်ကိုအဝေးပို့လိုက်သည်။ စိတ်ကို အတတ်နိုင်ဆုံးငြိမ်ထားရသည်။

စိတ်ငြိမ်သည်ဆိုကာမှ မနက်က ပလက်ဝမြို့မြင်ကွင်းက အစီအရီပေါ်လာသည်။ ရဲစခန်းရှေ့လမ်းမပေါ်ကလက် နက်ကြီးဒဏ်ကြောင့် ကြေမွနေသည့်ကတ္တရာများ၊ သစ်ရွက်သစ်ခတ်များမရှိတော့သည့် မြို့မရဲစခန်းဝင်းထဲမှအရိပ်ရသစ်ပင်များ၊ ဆေးရုံအုတ်နံရံပေါ်က လက်နက်ငယ်ပျည်ထိ၍ ပျက်စီးနေသည့် အလှုရှင်အမည် ကမ္ဗည်း များ၊ ပြူတင်းမှန်များမရှိ
တော့သည့် ပလက်ဝဆေးရုံသည်ကြားထဲအမှတ် မထင်တွေ့လိုက်သည့် မောင်းပြန်သေနတ်ကို လွယ်ထားသည့် ရဲဘော်တစ်ဦးကိုဘောလုံးကွင်းဘက်ကထွက်လာသည်ကို အမှတ်ထင်တွေ့လိုက်သေးသည်။ ခပ်လှမ်းလှမ်းကမြင်ရသည်ဆိုပေသိအစိုးရတပ်ကမဖြစ်နိုင်။ အေအေတပ်ဖွဲ့ဝင်သာ ဖြစ်ရမည်။ မြို့ထဲကို အေအေတပ်ဖွဲ့ဝင်များ ရောက်နေပြီ။ မကြာခင် မြို့ တွင်းတိုက်ပွဲ စတော့မည်။ အောင်လိန်းတို့မိသားစုထွက်လာခဲ့
တာမှန်သွားသည်။အောင်လိန်းတို့ စီးလာသည့်လှေကပလက်ဝနှင့်တဖြည်းဖြည်းဝေးလာပြီဖြစ်သည်။ လိုက်လာသည့် ခရီးသည် များမှာ ဆင်းရမည့်နေရာ မတူကြ။ လမ်းတစ်လျှောက်ရွာတိုင်းနီးပါး ဆင်းကြသည်ဖြစ်၍ ကမ်းကပ်ကမ်းခွာ အချိန်ပေးရသဖြင့် စက်လှေကထင်သလောက် ခရီးမပေါက်။ သို့သော်မတက်နိုင်။ ကိုယ်စီကိုယ်ငှ မရှုနိုင်မကယ် နိုင်သည့် ဒုက္ခများ
နှင့်မဟုတ်လား။ကိုယ့်စိတ်ကို အဝေးပို့လည်း ယနေ့မနက် ပလက်ဝမြို့မြင်ကွင်းကမပျောက်။ တဝဲလည်လည်နှင့် ပြန်ပြန်ရောက် လာပြန်သည်။ မြစ်ဆိပ်ဆင်းမည့်လမ်းတွင် အသိရဲတစ်ဦးနှင့်တွေ့စဉ် မနေ့ညက တိုက်ပွဲအတွင်း ရဲတပ်သားတစ် ဦးသေပြီး တစ်ဦးဒဏ်ရာရကြောင်း၊ ဒဏ်ရာရသူကို ဆေးရုံပို့ထားကြောင်း၊ ကျန်သည့်ရဲများမှာ ကစဉ့်ကလျား ဖြစ်သွားပြီး အချင်းချင်း အဆက်အသွယ်မရတော့ကြာင်း ပြောပြသည်။
ဟုတ်ပေသားပဲ။ ဆေးရုံဝန်ထမ်းပြောပြသည့် ကုသမည့်သူမရှိသည့် လူနာ။ သည်လိုဆို ဟိုတစ်နေ့က အမျိုးသမီး လူနာသုံးဦးကရော။ သူတို့လည်း သွေးအိတ်မရှိလို့ သွေးမသွင်းဖြစ်ခဲ့။ စစ်၏ အနိဋ္ဌာရုံများက အင်မတန်ကြောက် စရာကောင်းပါသည်။
(အပိုင်း ၇ မျှော်)

Leave a Reply

Your email address will not be published. Required fields are marked *