စစ်ကယူဆောင်လာသည့် လက်ဆောင်များကို ထုပ်ပိုးခြင်း အပိုင်း (၅)

စစ်ကယူဆောင်လာသည့် လက်ဆောင်များကို ထုပ်ပိုးခြင်း

လက်နက်ကြီးဆက်တိုက်ပေါက်ကွဲသံ။ တစ်မြို့လုံးတုန်ခါသွား‌သည်။ ဆိုင်ကယ်သုံးစီး တစ်ထုပ်စီဆွဲ၊ နှစ်ယောက်တစ်တွဲ ခပ်သုတ်သုတ်ထွက်လာကြသည်။။
အရေးထဲ အောင်လိန်းဆိုင်ကယ် နိုးမရ။ အရေးအကြောင်းဆို သေရွာပို့မည့်ဆိုင်ကယ်။ ကံကောင်းချင်တော့ ကောင်လေးတစ်ယောက်က နောက်ကတွန်းပြီး မြေနီကုန်းအဆင်း တောင်ပေါ်က တွန်းပေးလိုက်သည်မို့ အောက်ရောက်ခါနီးမှ စက်နိုးသွားသည်။
ဆေးရုံရောက်တော့
“အစ်ကို့မိန်းမ အစ်ကို့လိုက်ရှာတာ ငိုတောင်နေပြီ၊ အိမ်မြန်မြန်ပြန်တော့…”
အိမ်မှာ ပြဿနာတက်နေပြီ။ အိမ်နားဝန်ကျင်က အကုန်‌ရှောင်သွားကြပြီ။ တစ်လမ်းလုံး တစ်အိမ်တည်း ကျန်ခဲ့သည်မို့ ယောက္ခမတို့ စိတ်မလုံတော့။ အခြေအနေကအရေးပေါ် ဖြစ်နေပြီ။ သွားမယ်၊ မသွားဘူး အခုဆုံးဖြတ်ရတော့မည်။ နောက်ဆုံးအကျေအလည် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချလိုက်ကြသည်။
လမ်းမပေါ်တွင် အသွားအလာမရှိ။ တစ်ချက်တစ်ချက်ကြားရသည့် အရှေ့ဘက် အိန္ဒိယပရောဂျက် တောင် ကုန်းပေါ်ကပစ်ခက်သံများ။ အနောက်ဘက်တောင်ကုန်းပေါ်က လက်နက်ကြီးပစ်ခတ်သံများ။ ရုပ်ရှင်ထဲ တွင်မြင်ဖူးသည့် မြို့ပျက်များကဲ့သို့ လူရှိသည်ဟုထင်နိုင်လောက်သည့် အသံမျိုးမည်သည့် အသံမျှ မကြားရ။ ထမင်းချက်သည့် မီးဖိုမီးခိုသာထွက်သည်။ ခုတလောထမင်းချက်သည်ကို ညနေစောင်းအထိ မစောင့်တော့။ ညနေစောင်းချိန်ဆို ပုံမှန်လိုတိုက်ပွဲဖြစ်သည်မို့ ထိုချိန်မတိုင်ခင် စားပြီးသောက်ပြီး ဖြစ်နေရမည်။
မီးရသည်လည်းမဟုတ်လေတော့ စောစောစားပြီး စောစောအိပ်ယာဝင်ကြသည်။ အောင်လိန်း အိမ်က မလုံ ခြုံတော့ ယောက္ခမတို့အိမ်‌ဘက် ခဏရှောင်နေဖို့ ဝိုင်းပြောသဖြင့် သည်မှာဘက်ရောက်နေသည်မှာ သုံးရက် လောက်ရှိပြီ။
သည်နေ့တော့ မဒမ်လိန်း၏ ခိုင်မာသည့်ဆုံးဖြတ်ချက်ကို အထုပ်များကို အပြင်ထုတ်နေခြင်းဖြင့် ပြသလိုက်ပြီ ဖြစ်သည်။ သည်နေ့သွားဖို့ရန် စက်လှေရှာသည်။ စက်လှေရလျင် သွားကြမည်။ မရလျင် မတတ်နိုင်။ ကိုယ့်အိမ်မှာရှိသည့် အရင်းအမြစ်အားလုံးကိုထားခဲ့ပြီး အခြားနေရာသစ်တစ်ခုမှာ ရှောင်ပြီးနေထိုင်ဖို့ အောင်လိန်းတစ်ယောက် မည်သို့မျှတွေးမရ။ နွေးထွေးသည့် ကိုယ့်အိမ်ကိုထားခဲ့ပြီး မည့်သည့်နေရာမှန်း မသိသေးသည့်နေရာတွင် မည်သူကများ နေချင်မည်နည်း။ သို့သော် မတတ်နိုင်ပြီ။
တိုက်ပွဲစဖြစ်ပြီး လမ်းပိတ်သည်ဟု အသံကြားကတည်းက ပလက်ဝဈေးဆန်ဆိုင်များတွင် ဆန်ကုန်နေပြီ ဖြစ်သည်။ ဆန်ပေါက်ဈေးကလည်း နှစ်ဆယ့်လေးပြည်တစ်အိတ် တစ်သိန်းဖြစ်ကုန်သည်။ ဈေးကျသည်ဟု မရှိ။
“အဲလောက်မှမယူလည်းမကိုက်ဘူး၊ ညီလေးကျောက်တော်ကနေ ဒီ‌ရောက်ဖို့ ဘယ်နှစ်ဂိတ်ဖြတ်ပြီး ဘယ် လောက်အခွန်‌ပေးရလဲ၊ အပေါ်ကပစ်လည်းခံရအုံးမှာ၊ အသက်ရင်းလုပ်ရတာ၊ အစ်ကိုတို့ကရတာနဲ့ ဈေးကြီး တာပဲမြင်တယ်၊ ပေးရတာ မနည်းဘူးလေ။”
ကျောက်တော်ကနေ ဆန်ခိုးသယ်နေသည့် စက်လှေပိုင်ရှင်ကပြောဖူးသည်။
ဟောအခု ပြေးရတော့မည်ဆိုတော့ တစ်အိတ် ခြောက်သောင်း ဖြစ်သွားသည်။ ဒါတောင်ဘယ်မှ ရောင်းမရ။ ဝယ်သူမရှိ။ အခုမှဖြင့် ဆန်ကပိုတောင် ပိုနေလေပြီ။
*****
အောင်လိန်းလည်း ယောက္ခမအိမ်ရောက်ပြီးနောက်ပိုင်း ညနေစောင်းရေချိုးချိန်လောက်သာ ကိုယ့်အိမ်ဘက် ရောက်ဖြစ်သည်။ လာရာလမ်းတလျှောက် လူသူမရှိ။ မြို့ပျက်ကြီးတစ်ခုလို ခြောက်ကပ်ကပ်။ အိမ်နီးနားတွေလည်းမရှိကြ
တော့ရေချိုးပြီး ခဏထိုင်ရုံသာ ရှိသေးသည်။ ဆေးရုံကကောင်လေးတစ်ရောက် ပေါက်ချလာသည်။
“ဆရာမကို လာခေါ်တာ၊ ဟိုဘက်အိမ်ရောက်သွားသေးတယ်။ လက်နက်ကြီးထိတာ သုံးယောက်တောင်၊ အရေးပေါ်အခြေအနေပဲ၊ ရိက္ခာကျောင်းမှာ ထမင်းချက်နေတုန်းထိတာတဲ့၊ ဆေးရုံမှာ လူစုံနေပြီ ဆရာမပဲ လို တော့တယ်…”
ကောင်လေးက သူ့ကိုယ်ပေါ်တွင် ပေကျံနေသည့် သွေးကွက်များကိုပြရင်း ဆက်တိုက်ပြောနေသည်။
မဒမ်လိန်း ချက်ချင်းလိုက်သွားသည်။ အောင်လိန်းကို တစ်ခုခုအော်ပြောသွားသည်။ သဲသဲကွဲကွဲ မကြား လိုက်။ အောင်လိန်းလိုက်သွား
မှဖြစ်မည်။ဆေးရုံတွင် စုစုရုံးရုံး အယောက်နှစ်ဆယ်လောက် ရှိသည်။ လူနာလာပို့သူများ၏ ကိုယ်ပေါ်တွင် သွေးများ ချင်းချင်းနီနေသည်။ တစ်ယောက်တစ်ခွန်း ရှင်းပြကြသည်။ လောလောဆယ် အခြေအနေကောင်းမကောင်း ကို အရင်သိချင်သည်မို့ ဆေးရုံက တစ်ယောက်ကို မေးကြည့်သည်။
“အခြေအနေမကောင်းဘူး၊ သွေးလိုနေတယ်…”
ချက်ချင်းဆိုသလို လူငယ်နှစ်ဦးဆိုင်ကယ်နဲ့ ရောက်လာသည်။
“အိုသွေးလိုတယ်ဆိုလို့ ရောက်လာတာ… ကျွန်တော် အိုသွေးလေ…”
ထိုလူငယ်၏ စကားကို မည်သူမျှဂရုမစိုက်။ တစ်ချက်ကြည့်ပြီး ကိုယ့်အုပ်စုနှင့်ကိုယ် ငြင်းခုံနေကြသည်။ ပုံ မှန်မဟုတ်သည့် အခြေအနေဆိုသည်ကို အောင်လိန်းချက်ချင်း သဘောပေါက်သည်။ မေးကြည့်တော့
“သွေးအိတ်မရှိလို့ ပြဿနာတက်နေတာ…”
မဒမ်လိန်းဆီ ပြေးရသည်။ အကျိုးအကြောင်းပြောသည်။ သွေးအိတ်အရေးပေါ်လိုနေသည်။ သွေးအိတ်က ဆိုင်တိုင်းရောင်းသည် မဟုတ်။ ရှိအုံးတော့ ဆိုင်ပိတ်ပြီး ဆိုင်ရှင်တွေစစ်ရှောင်ကုန်ပြီ။ သူတို့ကို ဖုန်းဆက်ရ အောင်လည်း ဖုန်းလိုင်းမရှိ။ ဆေးရုံကအခန်းအားလုံးကို လိုက်ရှာသည်။ မတွေ့။
“ ၂၈၉ တပ်မှာ ရှိတယ်။ အရင်တစ်ခါက သူတို့ပေးဖူးတယ်…”
“သေလိုက်ပါတော့… ဘယ်လိုလုပ် သွားယူမလဲ…”
ပလက်ဝ အရေးပေါ်ဖြစ်လျင် ကူညီရအောင် ဆေးလိုက်စုသည်။ ဆရာဝန်မရှိလည်း သည်လူများကို ကူညီ မည်ဆိုသည့်အတွေး အောင်လိန်းတို့ လင်မယားတွေးထားသည်။ လူကြီးများနှင့်တိုင်ပင်သည်။ လူငယ်များ နှင့်လည်း ဝိုင်းလုပ်သည်။ သို့သော် ယခု သွေးအိတ်မရှိ။ ညီငယ်ခိုင်ဝင်းဆီ အပြေးသွား၊ တခြားနည်းလမ်းရှိ သေးလားမေးသည်။ သူက ခေါင်းခါပြသည်။ စိတ်ပျက်နေပုံလည်း ရသည်။ စကားပြောအားပင် မရှိ။
ဆေးရုံမှာ အသက်လုနေသူများ။
“သွေးမရရင် သေတော့မှာ…” တစ်ယောက်ယောက်၏ ပြောသံ။
နောက်ရက်များမှာ ထိခိုက်လာအုံးမည့်သူများ သွေးအိတ်မရှိသည်နှင့် ငုတ်တုတ်ထိုင်ကြည့်ရမည့် အဖြစ်။
“တိုက်ရိုက်သွင်းမယ် ဟုတ်လား…ပေါက်ကရမပြောနဲ့… ဒီမှာအဲဒီအတွေ့အကြုံ ဘယ်သူမှ မရှိဘူး…”
မဒမ်လိန်း၏ ပြောစကား။ ကိစ္စတော့ပြတ်ပြီ။ ပလက်ဝ၏ လက်ရှိအခြေအနေက လူနာကယ်လို့ရမည့် အခြေ အနေမဟုတ်တော့။ မပြောကောင်းမဆိုကောင်း ကိုယ်ဖြစ်လျင်ပင် သည်အတိုင်းငုတ်တုတ်သေရမည့် သဘော။ ရောက်လာသည့် လူကြီးများ၊ ဆွေမျိုးများနှင့် တိုင်ပင်ကြည့်လည်း အဖြေကထွက်မလာ။ အောင်လိန်း စိတ်က ဟိုး…အတွေးကြီးမှာ။
သည်အတိုင်းဆို မနက်ဖြန် အသုဘချရ ပေအုံးမည်။ အခုထိတော့ အသက်ရှိသေးသည် ဆိုပေသိ မနက်ကူး နိုင်မည်မဟုတ်။ အောင်လိန်းကတော့ အတွေ့အကြုံရင့်ကျက်နေပြီမို့ တည်တည်ငြိမ်ငြိမ်။ လူနာဆွေမျိုးများ ၏ ငိုသံကို ကြားယောင်လာသည်။
ဆေးရုံတွင် ညဘက်လူနာစောင့်မည့်သူ မရှိ။ ကောင်းကောင်းမကောင်းကောင်း အကုန်ထားခဲ့ရသည်။ မည်သူ့ တွင်မျှ တာဝန်မရှိ။ မည်သူကမျှ တာဝန်မယူပေးတော့။ အားလုံး မနက်မှပြန်လာ။ ဆရာမများရော လူနာများ ပါ မနက်ရောက်မှ အဆင်ပြေသလို လုပ်ကြရသည်။
အောင်လိန်းအိမ်ပြန်ရောက်တော့ စိတ်ထဲတစ်ခုခု ခုနေသလိုခံစားရသည်။ ဘယ်အရာကို မကျေနပ်၍ မကျေ နပ်မှန်းမသိ။
“မြို့ထဲ စက်လှေရှာမရလို့ ရွာဘက်လူကြုံစက်လှေမျာလိုက်ပြီ၊ စက်လှေရောက်ရင် လိုက်ခဲ့ကြ။ နင်တို့မလိုက် လည်း ငါတော့ သွားမယ်…” အပီး၏ ပြောစကားကို ကြားတစ်ချက် မကြားတစ်ချက်၊မနက်ဖြန်မှာဖြင့်ပလက်ဝမှာလူနာများကိုထားခဲ့ရဖို့သေချာသွားပေပြီ။
(အပိုင်း ၆ မျှော်)

Leave a Reply

Your email address will not be published. Required fields are marked *