ယခင်ရက်များထက် ပလက်ဝမြို့က ပိုအေးလာနေပြီ။ ဆောင်းမြူများလည်း ပိုဆိုင်းနေသည်။ မနက်ပိုင်းဆို ဘုရားပွဲညဈေးတန်းကဲ့သို့ လူတိုးမပေါက်စည်ကားလှသည့်ဈေးက ယနေ့မနက်မှာဖြင့် ရောင်းသူဝယ်သူ မရှိ။ ဈေးရောင်းသည့်ဆိုင် ဆယ်ဆိုင်ပင်မပြည့်။ ဆိုင်ပေါ်တွင်လည်း မုန်ညင်းရွက်၊ ခရမ်းသီး၊ မုန်လာဥ၊ နံနံပင်၊ သံဖယိုသီး၊ ငနီတူခြောက်၊ ကွမ်းရွက်… စသည်များသာ။
အခြေအနေက တစ်ရက်ထက်တစ်ရက် ချောက်ချားစရာပိုပိုကောင်းလာသည်။ ဈေးလာဝယ်သူထက် လူရှိ သေးလား လာစုံစမ်းသူက ပိုများနေသည်။ များဆို အိမ်သူသက်ထားများကို လုံခြုံရာပို့ထားပြီး တစ် ယောက်တည်းအိမ်စောင့် ကျန်ရစ်သူများပင် မဟုတ်လား။ ဈေးဝယ်ပြီးချက်မည့်သူက တစ်ယောက်စ နှစ်ယောက်စ လောက်သာရှိသည်။ မေးကြည့်တော့လည်း ဟိုလူနှင့်ပေါင်းနေသည်၊ မည်သူ့အိမ် စုနေကြ သည် ဆိုသည်မျိုး။ ကိုယ့်အိမ်ကိုယ် နေသူကခပ်ရှားရှား။
လက်ဖက်ရည်ဆိုင်မှာဖြင့် မြို့ကောင်စီကလူကြီးတွေ လူလုံးထွက်ပြကြသည်။ ခရိုင်အုပ်ချုပ်ရေးမှူး လည်းရှိ သည်။ သို့သော် လက်ဖက်ရည်ဝိုင်းသည် ထိုတစ်ဝိုင်းသာရှိသည်။
မြေနီကုန်း ဆိပ်ကမ်းတွင် လူအပြည့်။ မြို့ကထွက်ကြမည်။ စက်လှေကမလုံလောက်။ အချို့လှေမရ၍ ပြန်လာကြသည်လည်းရှိသည်။ အချို့လူလိုက်၍ရပေမယ့်ပစ္စည်းသယ်ခွင့်မရ၍ ကျန်ခဲ့ရသည်။ ယောင်္ကျား သားမလိုက်၍ သူမပါမလိုက်တော့ဆိုပြီး ပြန်လာကြသည့် အိမ်သူများ။
သာယာဝဆိပ်ကမ်းတွင်လည်း လူအပြည့်။ လှေထွက်ပြီးမှ ၂၈၉ တပ်ဂိတ်အရောက် လှေထွက်ခွင့်မပေး၍ ပြန်လာကြသည်။ တင်းမရွာမှာ တိုက်ပွဲဖြစ်နေ၍ လုံခြုံရေးအရ ပိတ်ထားသည်ဟု သတင်းကြားသည်။ အောက်ဘက်ဆင်းကြမည့် ထောင်ချီနီးပါးလူများ မြို့တွင်းပြန်ဝင်လာတော့လည်း မြို့ကနည်းနည်းပြန်နွေး လာသလိုလို။
အပီး(ယောက္ခမ)ကခေါ်၍ “RC ဘုရားကျောင်းဆီ မင်္ဂလာဆောင်တစ်ခု လိုက်ပို့ရသည်။ ဘုရားကျောင်းက ပြန်ခါနီး လမ်းဘယ်ဘက်တွင်ကျင်းတူးနေသည့် အသိများကခေါ်သဖြင့် မူစလင်သင်္ချိုင်း ရောက်သွားသည်။ မနေ့က ဆုံးသွားသည့် တစ်ယောက်အတွက်။ ရဲတပ်သားအများလည်း ပါသည်။ ဆုံးသွားသူက သူတို့ ဆရာမို့
ဘယ်ဘက်သင်္ချိုင်းကအထွက် ညာဘက်ခြမ်းမှာ ကျင်းတူးနေသည်ကို တွေ့ရပြန်သည်။ ဟေ… နောက် တစ် ယောက်လား။ ဘာဖြစ်တာပါလိမ့်။ ရိက္ခာရပ်ကွက်က ရိုးရိုးဆုံးတဲ့အဖွားဟု သိရသည်။ တော်ပါ သေး၏ ပေါ့။ သည်အချိန် နာရေးဆို လက်နက်ကြောင့်မဟုတ်လျင် “တော်ပါသေးရဲ့…” ဟု သက်ပြင်း ချက်တတ်သည်။
အပီးအိမ်ပြန်ရောက်ရောက်တော့ အပူး(ယောက္ခထီး)ကို ဟိုကမဖြစ်ဖြစ်အောင်လာခဲ့ မှာလိုက်၍ဆိုပြီး မင်္ဂလာဆောင် နောက်တစ်ပွဲ သွားရပြန်သည်။ ဟိုရောက်တော့ ကျန်းမာရေးဘက်က NGO အသိအစ်ကို တစ်ယောက်နှင့်တွေ့သည်။ မနေ့ညက တိုင်ပင်ဖြစ်သည့် အစီစဉ်ကိုပြောပြ၏။ သူလည်းသဘောကျသည်။ သူတို့ဆီက လိုအပ်သည်များ အကုန်ယူပါတဲ့။ အရေးပေါ်သုံးဖို့ ဆေးရုံပစ္စည်း အတော်များများ သူ့ဆီက ယူဖို့ ချိန်းလိုက်သည်။
အပူးတို့လူကြီးများ စကားကောင်းနေကြတုန်း။ ဘာသာရေးကျောင်းတွင် လာနေကြသည့် ကလေးများကို မိဘများလာမခေါ်နိုင်တာကြောင့် သူတို့ခင်ဗျာ ရှောင်ဖို့မပြောနှင့် သူတို့လေးတွေကြောင့် ဝန်ပိုနေရကြောင်း နှင့် သူတို့ကို ခုချိန်မှာ ပြန်ကြတော့ပြောရအောင်လည်း မဖြစ်နိုင်သဖြင့် ဆန်ကိုပဲစုထားရကြောင်း အချင်း ချင်း ပြောနေသံကြားရသည်။
“စားကြမယ်လေ…”
“ခဏနေကြပါအုံး”
”အထက ကျောင်းအုပ်ဆရာကြီးစောင့်နေတုန်းမို့”
ပြောနေတုန်းမှာပင် လေယာဉ်သံ၊ လက်နက်ကြီးပေါက်ကွဲသံ၊ သေနက်သံ၊ လေယာဉ်ကို ပြန်ပစ်သံများ ဆူညံနေတော့သည်။
“အပြာရောင်လေး တွေ့လား ဟိုး…မှာ”
ကလေးတစ်သိုက် လေယာဉ်ကိုလက်ညိုးထိုး အော်နေကြသည်။
“အထဲဝင်ကြ ကလေးတွေ စုမနေကြနဲ့ ထိကုန်မယ်”
လူကြီးများ အော်ငေါက်သံ။
အိုးခွက်ပန်းကန်ဆေးသူ၊ ချက်ပြုတ်နေသူ ဝရုန်းသုန်းကားပြေးပြီး ရှုပ်ယှက်ခက်ကုန်သည်။
လေယာဉ်သံ၊ ပစ်သံတိတ်သွားတော့ အပူးက
“စားကြမယ်၊ ကျောင်းအုပ်ကြီးက ဆိုင်ကယ်ရှိတာမဟုတ်ဘူး၊ အခုပစ်နေတာနဲ့ဆို ရောက်မှာမဟုတ်တော့ ဘူး”
“ခဏလေးစောင့်ပါအုံးဆရာ”
အောင်လိန်း လိန်းမနေနိုင်။ ဝိုင်းအလွတ်တစ်ခုဆီပြေး။ အပူးကိုခေါ်။ စားဖို့ပြင်ရသည်။ ငလိန်းတို့ဝိုင်းထဲ “ဂရုဏာ” က အသိအစ်ကိုတစ်ယောက်လည်း ရောက်လာသည်။ စားပွဲထိုးများပြေးကုန်သဖြင့် ဟင်းပွဲများ ချက်ချင်းမရောက်။ မထူးတော့ အောင်လိန်းကိုယ်တိုင် စားပွဲထိုး လုပ်လိုက်ရသည်။ နောက်တော့ ပွဲရှင် ကိုယ်တိုင်က ပွဲလာသူနည်းသည့်အတွက် “အသားဟင်း”အများကြီးပိုနေကြောင်း ပြောလာသည်။ စားနေ တုန်း အရှေ့ဘက်ကမ်းက ပစ်ခက်သံအတိုင်းသား ကြားနေရသည်။
မင်္ဂလာဆောင်ကအပြန် ဂရုဏာကအစ်ကိုနှင့်အတူ ဆေးရုံက မဒမ်လိန်းဆီထွက်လာခဲ့သည်။ ဆေးရုံရောက် တော့ ဒေါက်တာခိုင်ဝင်းနှင့် စကားပြောဖြစ်သည်။ လောလောဆယ် ဆေးရုံလိုအပ်ချက် အဓိကမည်သည့် ဆေးများလိုအပ်သည်၊ မည်သည့်ဆက်စပ်ပစ္စည်းများ လိုအပ်သည်ပြောရင်း…
“ဆရာပဲ ဂရုဏာဆေးခန်းလိုက်ခဲ့ပြီး အသုံးဝင်တဲ့ဆေးရွေးပေးနိုင်မလား”
“ဟာ…ပိုကောင်းတာပေါ့”
ဆေးရုံတွင် တာဝန်ခံဆရာဝန်မရှိကတည်းက အောက်ခြေမှအစ သူနာပြုများလည်းခွင့်တင်သူတင်နှင့် တချို့ တင်တောင်မတင်တော့ဘဲ စစ်ရှောင်အုပ်စုထဲ ရောနှောပါကုန်သည်မို့ လောလောဆယ်ရှိနေသူများမှာ ဂျူတီ များမဟုတ်တော့။ လုပ်အားပေးများသာဖြစ်တော့သည်။
လုပ်သားအကူ၊ သူနာပြု အားလုံးပေါင်းမှ ဆယ်ဦးကျော်ကျော်သာရှိပါလိမ့်မည်။ သည်ရက်အထိဆို သူတို့ လည်း ငါးရက်လောက်ရှိရော့မည်။ ညဂျူတီကိုမည်သူဆင်း၍ တာဝန်ဘယ်သို့ ခွဲကြသည်မသိ။ အောင်လိန်း သူတို့ကိုလေးစားချစ်ခင်သည်။ အရင်ကတည်းက ရင်းနှီးပြီးသားမို့ စစနောက်နောက်ပြောကြသည်။
အခုလည်း နေလည်စာအတွက် စစ်စတာကြီးက အကုန်ခံပြီး ယံယံကြာဆံပြုတ်ပြီး ထမင်းစားကြမည်လုပ် ၍ အောင်လိန်းတစ်ယောက် မင်္ဂလာဆောင်က အသားဟင်းကို သွားသတိရသည်။ အချိန်မဆိုင်းတော့ ချက် ချင်း သွားယူပေးလိုက်သည်။ ဟိုကလည်း ဆေးရုံကဆရာမများဖို့ဆို၍ မငြိုငြင်ရှာပါ။
ပြီးမှဂရုဏာရုံးသော့ရှိရာ ဆရာကြီးစနီအောင်အိမ်ဆီမောင်းလာခဲ့သည်။ အကြောင်းစုံရှင်းပြတော့ သူ့ဖို့ သွေးတိုးကျဆေး နှစ်ကဒ်မဖြစ်ဖြစ်အောင်ယူလာခဲ့ပေးပါ၊ ခုတလော ဆေးဆိုင်မဖွင့်လို့ပါတဲ့။
ကိုယ်တော် အောင်ရှိန်းက သတင်းလာမေးသည်။ သူ့လည်းရှင်းပြ ရသေးသည်။ ကိုယ်တော်က ဓါတ်ဆီဆိုင် ကယ် အပြည့်ထည့်ပေးသည်။
“ခုလိုလျှောက်သွားနေတော့ ဓါတ်ဆီလိုလိမ့်မယ်”
ဒါလည်းဟုတ်သား။ တစ်လီတာ နှစ်သောင်းတောင်ရှာမရဘူးကိုး။ ဆီဖြည့်တုန်း အထကကျောင်းအုပ်ကြီး ပေါက်ချလာသည်။ သူလည်းမြို့ထဲသွားမည်မို့ လိုက်မည်တဲ့။ မနက်ကကိစ္စ သတိရပြီး…
“မနက်ကမင်္ဂလာဆောင် ထမင်းမစားဖြစ်တော့မလို့ ဘာလို့မလာတာ…”
“လာနေတာပဲ၊ ဒီနားလည်းရောက်ရော ပစ်လိုက်ကြတဲ့လက်နက်ကြီးငယ်တွေ ဝုန်းဝုန်းဒိုင်းဒိုင်း၊ အဲဒါကြောင့် မလာဖြစ်တော့တာ။ ကျောင်းလိုက်ပို့ပေးကွာ…”
သုံးယောက်စီးရမည်။ ဆရာကြီးကိုအားနာ၍ ကိုယ်တော်အောင်ရှိန်းကိုလှမ်းကြည်လိုက်သည်။ ကိုယ်တော် ဓာတ်သိပါသည်။
“အေးပါ၊ မင်းလိုက်ပို့လိုက်၊ တုတ်ထင်းကိုငါပို့ပါမယ်”
ဆရာကြီးကိုကျောင်းလိုက်ပို့၊ ပြီး ဆေးရုံသွား၊ ဒေါက်တာခိုင်ဝင်းကို ဝင်ခေါ်။ သူကထမင်းစားလက်စကို ထားခဲ့ပြီး ဂရုဏာဆေးခန်းကိုလိုက်သွားကြသည်။ လမ်းမပေါ် မည်သူမျှမရှိ။ ရဲစခန်းကလည်း တိတ်ဆိတ် နေသည်။ ထွေအုပ်ရုံးကလည်း လူရိပ်တောင်မမြင်ရ။ ရုံးရှေ့ကဈေးရောင်းသူများပင်ဒီနေ့ မည်သူ့မျှမရှိ။
ဂရုဏာရုံးရောက်တော့ အထုတ်တွေဖွင့် ဆေးတွေရွေးကြသည်။ ကိုယ်တော်အောင်ရှိန်းက ကိုဒေးဗစ်ကို သွားခေါ်သည်။ ညီငယ်ဒေါက်တာရွေးသမျှ အောင်လိန်းကအိတ်ထဲထည့်။ သုံးအိတ်လောက်ရွေးပြီး တော် လိုက်ကြသည်။
ညနေပိုင်း နောက်တစ်ဖွဲ့ဆီသွားပြီး ထပ်ယူဖို့ချိန်းလိုက်ကြသည်။ ဖုန်းလိုင်း မမိတော့ဘူးကိုး။ ဆေးခန်းက ထွက်ခါနီး…
“ဝုန်း…ဒိုင်း…”
(အပိုင်း ၅ မျှော်)