စစ်ကယူဆောင်လာသည့် လက်ဆောင်များကို ထုပ်ပိုးခြင်း အပိုင်း (၃)

စစ်ကယူဆောင်လာသည့် လက်ဆောင်များကို ထုပ်ပိုးခြင်း

ပလက်ဝမြို့၊ ဇန်နဝါရီ ၅ ရက်။
“နင်တို့တွေ မရှောင်ကျတော့ဘူးလား”
“ရွာကနေလာပြီး စစ်ဘေးရှောင်မို့ ဘောလုံးကွင်းထဲ တဲထိုးနေရတာလေ၊ ခုတစ်ခါထပ်ရှောင်ရင် နှစ်ထပ် ကွမ်း စစ်ဘေးရှောင်ဖြစ်တော့မှာပေါ့။ ကြိုရှောင်ရအောင်ကျမတို့ကို ပိုက်ဆံပိုနေတယ်များထင်လို့လား၊ ရှောင်စရာ နေရာမရှိဘူး…”
အောင်လိန်းအိမ်ပြန်ရောက်တော့ ညီမဖြစ်သူက ဆီးပြောသည်။
“အစ်ကို့ကို လူတစ်ယောက်စောင့်နေတယ်။ အဖေ့ရှာတာမရှိလို့ အစ်ကိုရှိတယ်ဆိုလည်းရပါတယ်တဲ့…”
ကိုယ်နဲ့မသိသူတစ်ယောက်က ထိုင်စောင့်နေသည်။ လာရင်းအကြောင်းကိစ္စမေးရသည်။ မိမိဖခင်နှင့် အလွန် ရင်းနှီးကြောင်း၊ ယခင်ကုန်သွယ်တုန်းကလည်း ကုန်ထမ်းစက်လှေဆွဲကူညီဖူးကြောင်း၊ တောင်ပြိုရွာတွင်နေ ကြောင်း၊ ယခုစစ်ဘေးရှောင်အဖြစ် ဘောလုံးကွင်းတွင်နေကြောင်း၊ WFP ဆန်မရသည်မှာ သုံးလရှိပြီမို့ စား စရာဆန်မရှိကြောင်း၊ ရှိစုမဲ့စုပစ္စည်းများလည်းရောင်း၍ ကုန်ပြီဖြစ်ကြောင်း စုံနေအောင်ကြားရသည်။
“ကူညီနိုင်ပါက ဆန်နည်းနည်းကူညီပေးပါ။ သားလေးနဲ့သမီးလေးကို ဆန်ပြုတ်တိုက်နေတာ နှစ်ရက်ရှိပြီ ခု မနက်တော့ ပြုတ်စရာဆန်လည်းမရှိတော့ ဘာမှမစားရသေးဘူး…”
အောင်လိန်းကြွေလေပြီ။ မဒမ်လန်း၏ဆန်ပုံးထဲက နို့ဆီဗူးဆယ်ဗူးလောက် နှိုက်ရသည်။ သူမရှိ၍တော် သေးသည်။ မဟုတ်လျင် မျက်စောင်းထိုးရော့မည်။ မပေးသည်လည်းမဟုတ်ပေမင့် မိန်းမတို့ဆိုသည်မှာက တစ်ခုခုဆို မျက်စောင်းလောက်တော့ထိုးတတ်သည်ကိုး။
ကျေးဇူးတင်ကြောင်း၊ သူလည်းသူတောင်းစားလို တောင်းရသည့်အတွက်စိတ်မကောင်းကြောင်း၊ ကိုယ့်သား အရွယ်ဆီ တောင်းရသည်ကိုလည်း ရှက်မိကြောင်း မျက်ရည်များနှင့် ပြောနေရှာသည်။
“အဆင်ပြေပါတယ်။ အိမ်ကညီလေးနဲ့ညီမလေးဆီ မြန်မြန်သွားပြီး ချက်ကြွေးလိုက်ပါ ဦးလေး”
*****
“သူငယ်ချင်း ခုချက်ချင်းပလက်ဝကထွက်ရမယ်တဲ့၊ အခြေအနေမကောင်းဘူးလို့ သတိပေးဖုန်းဆက်လာ တယ်၊ ငါတော့ ခုချက်ချင်းထွက်တော့မယ်၊ မင်းလည်းလိုက်ခဲ့ကွာ၊ ငါစေတနာနဲ့ပြောတာ၊ သာမန်လောက်ဆို မင်းကိုငါဖုန်းဆက်မပြောဘူး၊ အခုစက်လှေသုံးစီး ကမ်းနားမှာစောင့်နေတယ်၊ ဟိုကအခေါ်လွှတ်တာ၊ လိုက်ခဲ့ သူငယ်ချင်း၊ ငါသဘောကလိုက်စေချင်တယ်၊ ကျန်တာကမင်းသဘောပဲ…”
ထိုမျှ လောလောလောလောဖြင့်ပြောပြီး ဟိုကောင်ဖုန်းချသွားသည်။ အခြေအနေလေ့လာကြည့်အုံး မှပါ လေ။ ခုတလော သတင်းတွေအမျိုးမျိုးထွက်နေသည်။ ဟုတ်တာမဟုတ်တာအပထား၊ သတိပေးသူ ရှိလာ လျင် သတိထားရမှာကကိုယ်တာဝန်ပဲ မဟုတ်လား။
ရေချိုးနေသည့် မဒမ်လိန်းကို “အပြင်ထွက်လိုက်အုံးမယ်…” အော်‌ပြောခဲ့ရင်း အိန္ဒိယမုန့်နှင့် စားစရာအချို့ကို အိတ်နှင့်ထုပ်ယူပြီး ဟိုကောင်အိမ်ဘက် ဆိုင်ကယ်အစုတ်လေးဖြင့် ထွက်လာခဲ့သည်။ ဟိုကောင်ကသူ့အထုပ်ကိုသုံးဘီးဆိုင်ကယ်ပေါ်တင်ပြီး လမ်းကြားထဲကထွက်နေပြီ။ ပါးစပ်ကလည်း ဘာတွေအော်သွားမှန်း သေချာမကြားလိုက်။ အိမ်မှာသူ့အမေတစ်ယောက်တည်း အိမ်သော့တွေပိတ်နေသည်။
“အဒေါ်လာတက် ကျွန်တော်လိုက်ပို့မယ်၊ ကျွန်တော်က မလိုက်သေးဘူး၊ ဘယ်အထိသွား
မှာလဲ”သေချာမသိသေးဘူး ဘယ်အထိရောက်မလဲ၊ နင်အားလို့လား၊ ငါ့သားခုချက်ချင်းလာခေါ်မယ်‌ ပြောတယ်…” “တက်၊ ဘာမှပြောမနေနဲ့
တော့၊ကြာတယ်”ယောက်သား မီးသတ်တောင်ပေါ်ကနေပတ်ပြီး ပလုတ်တောင်ဆိပ်ဘက် ဆင်းလာသည်မှာ ရေကူးကန် ဘေး ဝန်ထမ်းအိမ်ယာအကျော်လေးအရောက် ဆိုင်ကယ်ရပ်ရုံပဲရှိသေးသည်။
“ဂျိမ်း”ကမ္ဘာပျက်သံကြီးကြားလိုက်ရ၍ ခေါင်းတစ်လုံးထူပူသွားပြီး နားပင်းမတတ်အူသွားသည်။ အဒေါ်ကဆင်းဆင်းချင်းရေကူးကန်နံဘေးဝင်ပုန်းသည်။ လူတွေကလည်းဟိုပြေးသည်ပြေး
နှင့်”ပစ်တယ်ဟ၊ ဘယ်နားလဲ… ဘယ်နားလဲ…”
“ဟိုဘက်က ထင်တယ်…”
မီးခိုးထွက်ရာရှာကြည့်တော့ကိုယ့်နောက်လမ်းမဘေးက ဖြစ်နေသည်။ ဘုရားဘုရား ခုတင်ဖြတ်လာတာ စက္ကန့်ပိုင်း လေးပါလား။ လူထိသေးလား အပြေးကြည့်မိသည်။ ထိသူမရှိ။ လူစုခွဲဖို့ အော်ရသေးသည်။ နောက် တစ်လုံးထပ်ကျလျင် အကုန်မာလကီးယားမှာလေ။
ဟိုကောင်ဆီ သူ့အမေကိုအပ်သည်။
“ဒေါ်ဒေါ် ဒီမှာ မုန့်ထုပ်… လမ်းမှာစား… ကျွန်တော်ပြန်တော့မယ်…”
ပြောပြီးချက်ချင်းပြန်လာသည်။
အိမ်ရှေ့နားအရောက်မှာ ဆေးရုံဘက်က ထမ်းစင်နှင့် ထမ်းလာပြီး ငိုယိုနေသည့်လူအုပ်ကြီးနှင့် တည့်တည့် တိုးသည်။ သေချာသည်။ သေပြန်ပြီ။ ဘယ်သူတုန်း။ ဆေးရုံကဝန်ထမ်းကိုမေးကြည့်သည်။ ရောဂါအခံနှင့် လန့်ပြီးဆုံးသွားသည်တဲ့လေ။
အိမ်ထဲပြန်ရောက်တော့ မဒမ်လိန်းမရှိတော့။ သေချာသည်။ ဆေးရုံရောက်သွားပြန်ပြီဖြစ်မည်။ မဒမ်လိန်းပြန် ရောက်လာတော့ အကြောင်းစုံသိရသည်။ မဒမ်လိန်း ရောက်ရုံပဲရှိသေး။ ဆေးရုံကခေါ်နေပြန်ပြီ။ အရေးပေါ် အခြေအနေ။ ခုလေးတင် ပစ်လိုက်သည့် လက်နက်ကြီးထိထားသည်တဲ့။ ဆိုင်ကယ်ပေါ် နှစ်ယောက် သား တက်၊ ဆေးရုံဝန်းထဲမောင်း။ ဆေးရုံထဲရောက်တော့ ဦးလေးကံပ၏ညီမ။ စိတ်မကောင်းစရာ။ ပြည်သူများ အဖို့ ပြေးပေါက်ပိတ်သည့် အခြေအနေပါလား။ ဒီအတိုင်းတော့ မဖြစ်သေးဘူး။ အောင်လိန်းတစ်ခုခု လုပ်အုံး မှပါလေ။
အောင်လိန်းအသိများကို ဖုန်းဆက်။ ဆေးရုံတွင် လူစု၊ နက်ဖြန်ဘယ်ကဲ့သို့လုပ်မည်ကို တိုင်ပင်ကြသည်။ ကြီးကြီးကျယ်ကျယ် မဟုတ်။ နက်ဖြန်လည်း ထပ်ထိနိုင်သည်။ လူနာပိုများလာနိုင်သည်။ သို့အတွက် ဆေးနှင့် အခြားလိုအပ်သည်များ ကြိုပြင်ထားကြဖို့ ဖြစ်သည်။ အိမ်ပြန်ရောက်တော့ ညခွန်နှစ်နာရီထိုးခါနီး။ သား‌လေး က မျှော်နေပြီ။ သားလေးအဖိုးနှင့်အဖွားက သိပ်ကြည်ပုံမရ။ အောင်လိန်းတို့စုံတွဲ ထမင်းစားအပြီးမှာပင် မိသားစုအစည်းအဝေး
စသည်အာဂျင်ဒါက တစ်ခုတည်း။ နက်ဖြန်ရှောင်ဖို့ သွား/မသွား ကိစ္စ။ သွားသည်က ကောင်းသည်။ သို့သော် အောင်လိန်းမလိုက်နိုင်။ အောင်လိန်းမလိုက်လျင် မဒမ်လိန်းမလိုက်။ မဒမ်လိန်းမလိုက်မှဖြင့် ဘေဘီလိန်း လည်း မလိုက်။ ဘေဘီလိန်းမလိုက်၍ သူ့အဖွားမလိုက်။ ကုန်ပြီ။
သည်မျှနှင့်အစည်းအဝေးပြီးသည်။ သို့သော် အားလုံးသဘောတူလျင် သွားကြမည်။ တစ်ယောက်ယောက် ကျန်နေခဲ့လျင်လည်း ကျန်လူများစိတ်ပူနေကြ ရအုံးမည်။ အောင်လိန်း မဒမ်လိန်းကို မျက်လုံးထောင့် ကပ် ကြည့်ပြီး ပြုံးပြလိုက်သည်။ အောင်လိန်းတို့စုံတွဲတိတ်တိတ်တိုင်ပင်ထားသည့် အချက်ရှိသည် မဟုတ်လား။
(အပိုင်း ၄ တင်ဆက်ပေးမည်)

Leave a Reply

Your email address will not be published. Required fields are marked *