စစ်ကယူဆောင်လာသည့် လက်ဆောင်များကို ထုပ်ပိုးခြင်း အပိုင်း (၂)

စစ်ကယူဆောင်လာသည့် လက်ဆောင်များကို ထုပ်ပိုးခြင်း

ပလက်ဝမြို့၏ ဇန်နဝါရီ ၅ ရက် မနက်ခင်း။
အေးချမ်းသည့် ဆောင်းမနက်ခင်းကြားမှာ မနေ့ညကကြားခဲ့ရသည့် ဝုန်းဝုန်းဒိုင်းဒိုင်းအသံများကို မေ့ချင် လောက် အောင် ပလက်ဝဈေးက လှုပ်လှုပ်ရှားရှားစည်းကားနေပါပြီ။ ပုံမှန်ထက်စိုးရိမ်စိတ်ပိုကြသည့် မြို့သူ၊သားများ ကဖြင့် စားကုန်များကို ဈေးစကားမပြောပဲအလုအယက် ပြေးဝယ်နေကြသည်။
“၈၀သားကို တစ်ပိဿာ”ဟု ခေါ်တတ်သည့်ပလက်ဝမြို့တွင် အမဲသားသည်နှင့် ဝက်သားသည်များက နေ့တိုင်း အလုအယက်ဝယ်နေကြရသည့် မြို့သူ၊သားတွေကြား ဆရာကြီးဖြစ်နေသည်ပေါ့။ သူတို့လည်းနေ့တိုင်း အသား ပေါ် နိုင်သည်မဟုတ်။ တစ်ခါတစ်လေ မပေါ်နိုင်သည့်ရက်များလည်းရှိသည်။
ငါးဝမ်းပူ(ငါးလပြား)သည် ရာသီပေါ်ပေမင့် တစ်ဆယ်သားငါးထောင် ဖြစ်သည်။ မည်သူ့မျှ မြစ်ထဲဆင်း ငါးမရှာရဲသောကြောင့် ဤဈေးဖြစ်ရသည်။ ကွမ်းစားဆေးက ရခိုင်ကမလာတော့သည့်အတွက် မြို့တွင်းရှာမရ တော့ တစ်ဆယ်သား သုံးသောင်းတဲ့။ သို့တိုင် ဈေးသာရှိသည်၊ ပစ္စည်းကမရှိ။
“အထုပ် ထုပ်ထားပြီးပြီလား”
“အပေါ်ဘက်လား အောက်ဘက်လား”
တစ်ယောက်နှင့် တစ်ယောက်တွေ့ရင် နူတ်ဆက်ကြသည်။ နေကောင်းလား၊ အဆင်ပြေလား၊ မည်သူ့မျှ မမေး ကြတော့။ တရွန်အိုင်နဲ့ နှုံးဗူးဗျူဟာကုန်း ကျသွားသည်က ပလက်ဝအထက်ပိုင်းကို ရခိုင့်တပ်တော်က ထိန်းချုပ် နယ်မြေဖြစ်သွားသည်မို့လည်း အတက်အဆင်းက ပိုရှုပ်ထွေးသွားသည်။ မြို့အထွက်မှာ စစ်ကောင်စီ စစ်ဆေး ရေးဂိတ်ရှိသည်။ အပေါ်ဘက်မြစ်နှစ်ကွေ့ကျော်ကျော်ကရွာတွင် ရခိုင့်တပ် ဂိတ်ရှိသည်။ သို့နှင့် ဟိုဘက်က ခင့်ပြု လျင် သည်ကပိတ်၊ သည်ကခွင့်ပြုလျင် ဟိုကစစ် ဖြစ်နေသည်မို့ မြို့ပေါ်ကရှောင်ချင်သူများအတွက် သွားလာရေး ခက်ကုန်သည်။
“အောက်ဘက်ဆင်းသွားသူတွေ စစ်တွေမရောက်သေးဘူး၊ ကျောက်တော်မှာပဲရှိသေးတယ်၊ ဆက်သွား မရဘူး တဲ့…”
“တချို့ ကျောက်တော်မရောက်နိုင်သေးသူတွေလည်း လမ်းမှာအများကြီးပဲ…”
“စစ်တွေမှာ လေယာဉ်လက်မှတ်ကလည်း ကြိုချိတ်မရတော့ဘူး ပြောတယ်။ ခက်တာက လူမရောက်တာ များလာလို့ တဲ့…”
ဈေးတွင်းသတင်းစကားများဖြစ်သည်။ အောက်ဆင်းသူများအဖို့ အပေါ်တက်သကဲ့သို့ လွတ်လွတ်လပ်လပ် မဟုတ်။ အသွားလမ်းမှာပင် တိုက်ပွဲဖြစ်သည့် တပ်ဂိတ်များလည်းရှိသည်။ ကုလားတန်မြစ်တကျောကနေ ည ဘက်လှေလှော်၊ ပီချောင်းဘက်ကို ငါးနာရီလောက်ခြေကျင်သွား၊ ပီချောင်းဘက်က စက်လှေလေးဖြင့် ကျောက် တော် ဆင်းရသည်။ ထိုသည်က အောက်ဘက်ဆင်းသည့် သူများ၏ ခုက္ခများပင်။ သို့နှင့် “အပေါ်တက်မလား၊ အောက်ဆင်းမလား” သည် နှုတ်ဆက်စကားလိုလို ဖြစ်သွားရသည်မှာ အဆန်းတော့မဟုတ်။
မဒမ်လိန်းတစ်ယောက် ဝယ်စရာရှိသည်များဝယ်၊ အောင်လိန်းကဘေးကလိုက်၊ ခြင်းဆွဲ၊ အကြံပေး၊ ဈေးများ သည်ကိုအကြံပေးမိလျင် မျက်စောင်းထိုးခံရမည်၊ အသားဟင်းငါးဟင်းစားချင်သည်ပြောမိလျင် အဆူခံရမည်။
ဈေးဝယ်ပြီးလျင် မဒမ်လိန်းကို ဆေးရုံပို့။ အောင်လိန်းတစ်ယောက်က ဈေးခြင်းအိမ်ပို့၊ ပြီးမှ လက်ဖက်ရည်ဆိုင် ထိုင်ရသည်။
“ဘယ်သူတွေကဘယ်ဘက်ကိုရှောင်ပြီး ဘယ်သူကဘယ်ဘက်ကိုရှောင်ကြောင်းတွေပြော။ မနေ့ညက ဘယ်နေ ရာတွေမှာ တိုက်ကြပြီး ဘယ်သူတွေထိခိုက်မိလဲ ဆွေးနွေး။ ကျန်ရစ်သူ ကိုယ်တွေထဲက ဘယ်သူ့ဗုံးခိုကျင်းက ကောင်းတယ်။ ဘယ်သူ့ဟာကဖြင့် ဘယ်လိုလုပ်ထားတယ်။ ဗုံးခိုကျင်းမရှိသေးသူက ဘယ်နားက လမ်းဖြတ် တံတားအောက် သန့်ရှင်းရေးလုပ်ထားပြီးကြောင်း” အကြီးအကျယ်ပြောကြသည်။
“ရွာမရပ်ကွက်ကသူတွေ အားလုံးနီးပါးရှောင်သွားကြပြီ၊ မြေနီကုန်းနဲ့ ရိက္ခာဘက်ကလူတွေက ကျန်သေးတယ်…” ဆိုသည်ကလည်း မပါမဖြစ်။
အစ္စရေး ကမ်းမြောင်နှင့် အန်ယူဂျီ၊ စစ်ကောင်စီနှင့် ညီနောင်၃ဖွဲ့ အကြောင်းများ အထိဆွေးနွေးရအောင် ပလက်ဝ အပြင်ဘက်ကအကြောင်းကို အင်တာနက်မရ၍ မည်သူ့မှမသိ။ ပလက်ဝအရေးနှင့်တင် ဆိုင်ရှင်ကို ရေနွေးကြမ်း အိုး နှစ်ခါသုံးခါတောင် တောင်းယူနေရပြီ။
တစ်ခါတစ်ခါ အသံကြီးကြီးပေါက်ကွဲသံ၊ တစ်ခါတစ်ခါ ပြောင်းဖူးစေ့လှော်သလိုအသံ။ တစ်ခါတစ်ခါ အရှေ့ ဘက်ကမ်းကကြားရသလို တစ်ခါတစ်ခါအနောက်ဘက်တောင်တန်းက ကြားရသည်။ မနက်ပိုင်းတစ်ချိန်က လွဲလျင် နေ့လည်ပိုင်းတွင် မြို့တွင်းအသွားအလာမရှိ။ အရေးကြီးသည့်သူများမှအပ ဘယ်သူမှမသွားလာကြ။ မြို့နယ်ထွေအုပ်ရုံးရှေ့က အခွန်လွတ်ဈေးမှာဖြင့် ညနေစာအတွက်ရောင်းချသူ နည်းနည်းပါးပါးရှိသည်။ အရဲစွန့် ကြဟန်ရှိ၏။
မနက် မဒမ်လိန်းနှင့်သွားတုန်းက မဝယ်ခဲ့ရသောဆိတ်သားကို သူမရှိတုန်း သွားရှာရသည်။
“ဈေးဝယ်သူတွေမလာဘဲ ရောင်းနေကြတယ်ပေါ့…”
ရင်းနှီးနေကြသည်မို့ စကားစကြည့်သည်။
“အစ်ကိုက ဘာနားလည်လို့လဲ၊ မနက်ကရောင်းမကုန်လို့ ခုထိထိုင်နေရတာ။ ဒါတွေအကုန်မရောင်းရရင် နက်ဖြန် ဘာသွားစားတော့မလဲ၊ ခုတောင် ထမင်းပဲနပ်မှန်တော့တာ…”
“ဟုတ်ပ… ဆရာရေ၊ WFP က ဂိုဒေါင်မှာ ကျွန်မတို့ကို ပေးမယ့်ဆန်က စုထားပြီးမပေးတော့ ထမင်းတောင် နပ် မမှန်ချင်တော့ဘူး။ ကျွန်မတို့ကိုဆန်မပေးတာ နှစ်လကျော် သုံးလတောင်ပြည့်တော့မယ်၊ အခုဆို ဆန်ပြုတ် သောက်တဲ့သူက သောက်နေရပြီ…”
“အေးပါ၊ ငါလည်းမကူနိုင်ဘူး…”
“သိပါတယ် ကျုပ်တို့အားလုံးသိတယ်၊ ငါတောင်မိန်းမလုပ်စာစားနေရတယ် ပြောအုံးမလို့မဟုတ်လား၊ ဈေးပို မတောင်းဘူး ရှစ်ထောင် ရောင်းတာခုနှစ်ထောင့်ငါးရာနဲ့ယူသွား၊ကျွန်မတို့လည်းပြန်ချင်ပြီ”သည်အချိန်မှာပင်”ဂျိန်း..”ကနဲလပ်နက်ကြီးပေါက်ကွဲသံကြောင်းအားလုံးဇက်ပုကုန်သည်။

(အပိုင်း ၃ ဆက်လက်ဖော်ပြမည်)

Leave a Reply

Your email address will not be published. Required fields are marked *