၁။ ပလက်ဝဒေသနှင့် လက်နက်ကိုင်များ။
ပလက်ဝဒေသသည် ပထဝီနယ်မြေအရ၊ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားနေမှုအရ အင်အားကြီးလူမျိုး၊ အင်အားကြီး လက်နက်ကိုင်အဖွဲ့အစည်းတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်အပြင် နယ်မြေအတွင်း အဝင်အထွက် ရှိနေခြင်းနှင့် ကူးလူးဆက်ဆံရခြင်း ရှိနေသည့်အတွက် ပလက်ဝဒေသခံ လက်နက်ကိုင်အဖွဲ့အစည်း ကိုယ်တိုင် အင်အားကြီးရန် လိုအပ်သည်။
၂။ ချင်းအမျိုးသားရေး ပြိုကွဲခဲ့သော်။
ချင်းနိုင်ငံရေးအရွေ့သည် နွေဦးတော်လှန်ရေးနှင့်အတူ (မိုးမပြို ပြိုခဲ့သော်) ပြိုကွဲသွားပါက ပို၍ပင် စိုးရိမ်ဖွယ် ဖြစ်လာစရာရှိပြီး ပလက်ဝဒေသခံလက်နက်ကိုင်အဖွဲ့အစည်းက ပို၍ပင်အင်အားကြီးရန် လိုအပ်သည်။ ယခု နိုင်ငံရေး အရွေ့တွင် ချင်းတောင်ပိုင်းဖြစ်သည့် ကန်ပလက်၊ မင်းတပ်၊ မတူပီများနှင့်အတူ Maraland, Daailand များ တည်ထောင်လာပါက ထိုသူများနှင့် စစ်ရေး၊ နိုင်ငံရေး ဆက်ဆံရမည်ဖြစ်ရာ ရင်ဘောင်တန်းနိုင်ရန် အထူးလိုအပ်ပြီး မျိုးနွယ်စုပြဿနာ၊ နယ်မြေဒေသပြဿနာများ မလွဲမသွေဖြစ်ပေါ်လာနိုင်သည်ကို ကြိုတင်ထည့်တွက်ခြင်းဖြင့် အဆင်သင့်ဖြစ်နေသင့်သည်။
၃။ Might is Right စနစ်။
နိုင်ငံရေးအရွေ့တစ်ခုတွင် နယ်နိမိတ်သတ်မှတ်ခြင်းနှင့် လူမျိုးစုတို့၏တောင်းဆိုမှုကို အကောင်အထည်ဖော်နိုင်ရေး တစ်စုံတရာဆုံးဖြတ်ချက်ချမှတ်ရာတွင် အင်အားရှိခြင်းက အမှန်တရားဖြစ်စေတတ်သည်ကို သတိပြုသင့်သည်။ ယနေ့ ချင်းနိုင်ငံရေးအခြေအနေကို ဂရုတစိုက်သုံးသပ်ပါက တစ်ခုတည်းသော ချင်းတပ်မတော်ဖြစ်ရေးမှာ အလှမ်းဝေးနေသေးသည်ဖြစ်ရာ ပလက်ဝသည် အင်အားတည်ဆောက်ရေးကို အလေးထားသင့်သည်။
၄။ “ဘီလူး”ဆီမှာ အကြင်နာမရနိုင်ပါ။
မြန်မာ့နိုင်ငံရေးတွင် တိုင်းရင်းသားတို့၏ အခွင့်အရေးများ အပြည့်အဝမရခြင်းသည် တိုင်းရင်းသားတို့၏ စစ်အင်အားမရှိခြင်းနှင့် တိုက်ရိုက်အချိုးကျသည်ကို မြင်နိုင်သည်။ ဥပမာအားဖြင့် NCA လမ်းကြောင်းဖြစ်ဖြစ်၊ လွတ်တော်လမ်းကြောင်းဖြစ်ဖြစ် ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူရေးနှင့် တရားမျှတရေးသည် အင်အားကြီးသူတို့၏ နိုင်ငံရေးဆန္ဒနှင့်သာ သက်ဆိုင်သည်ကို သတိပြုနိုင်သည်။
၅။ တရားဥပဒေမဲ့စွာ အပြုခံရခြင်းသည် ကာကွယ်ရေးမရှိ၍ဖြစ်။
ပလက်ဝ ခူမီး(ချင်း)လူမျိုးတို့၏ ကြုံတွေ့ခံစားနေရသည့် ဒုက္ခပြဿနာသည် ခူမီး(ချင်း)လက်နက်ကိုင် တပ်အင်အားမရှိခြင်းနှင့် တိုက်ရိုက်အချိုးကျသည်။ အခြားလူမျိုးစုလက်နက်ကိုင်များ ဝင်ရောက်တပ်စွဲပြီး ဗိုလ်ကျ အနိုင်ကျင့်ခြင်းသည် မိမိလူမျိုးစစ်အင်အား မရှိခြင်း၏ ရလဒ်ပင်ဖြစ်သည်။ မိမိလူမျိုး စစ်အင်အားကြီးထွားအောင် မတည်ဆောက်နိုင်ပါက မိမိမြေတွင်ပင် မိမိလူမျိုးကို ဗိုလ်ကျအနိုင်ကျင့်ခြင်းနိယာမ အားကောင်းမောင်းသန် ရှင်သန်နေအုံးမည်။
လက်နက်ကိုင်လူတစ်စု၏ ထိပါးစော်ကားမှု၊ ဖိနှိပ်အနိုင်ကျင့်မှုကို ကာကွယ်ခြင်းသည် လက်နတ်ကိုင်အင်အား တည်ဆောက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် “စစ်မတိုက်လိုလျှင် စစ်အင်အားတည်ဆောက်ရမည်” ဆိုသည့် အဆိုအမိန့် ထွက်ပေါ်လာခြင်းဖြစ်သည်။
၆။ တစ်ပါးအမျိုးသားများနှင့် တန်းတူရေး။
မိမိအမျိုးသားရေးကို ပူးပေါင်းပါဝင်တည်ဆောက်ကြပါစို့။
သို့မှသာ မိမိလူမျိုး အားကောင်းလာမည်ဖြစ်ပြီး၊ မိမိလူမျိုးအားကောင်းမှ တစ်ပါအမျိုးသား၏ ဗိုလ်ကျအနိုင်ကျင့်ခြင်းကို အလိုအလျောက် ကာကွယ်နိုင်မည်။ တန်းတူရေးသည် တစ်ပါးအမျိုးသားထံတွင် မရှိ။
Aiman (24.9.2024)
(စာရေးသူ၏ လွတ်လပ်သော အမြင်သဘောထား ဖြစ်ပါသည်။)
Photo-#Crd
C.D.F (Paletwa) တပ်ဖွဲ့ဝင်များကိုတွေ့ရစဥ်