ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ဒေသခံပြည်သူများ သွားလာခွင့် ရေလမ်း၊ ကုန်းလမ်း (သွားလာခွင့်)ကို အေအေတပ်ဖွဲ့မှ အောက်တိုဘာလ ၉ ရက်နေ့ကစ ပိတ်ပင်ထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
ပလက်ဝမြို့နယ်အတွင်းတွင် ULA/AA က အုပ်ချုပ်ရေး အစီအမံများ ဖော်ဆောင်လာသည့်နောက်ပိုင်းတွင် ပလက်ဝဒေသခံများ၏ သွားလာရေးကန့်သတ်ခြင်းနှင့် လက်ကိုင်ဖုန်းများကိုစစ်ဆေးခြင်းများကို တင်းကြပ်စွာ ပြုလုပ်နေခဲ့ကြပြီးနောက် ယခုလအစပိုင်းမှစတင်ကာ ကုန်းကြောင်းနှင့် ရေကြောင်းလမ်း အကုန်လုံးကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။
“အရင်လတွေမှာတော့ သွားလာလို့တော့ရသေးတယ်၊ ဒါပေမယ့် အရမ်းကိုတင်းတင်းကြပ်ကြပ်ကို စစ်ဆေး ကြတာ၊ သူတို့ကသွားဆိုမှသွားရတယ်၊ ခုရက်ပိုင်းတွေမှာတော့ ဘယ်မှသွားလာခွင့်မရတော့ဘူး၊ ကုန်းကြောင်းရော ရေကြောင်းရော အကုန်လုံးပိတ်ထားလိုက်တယ်၊ ဘာကြောင့်လဲတော့မသိဘူး၊ အရေးကြီးကိစ္စရှိရင်လည်း လမ်းကပိတ်ထားတော့ သွားလို့မရတော့ဘူး…” ဟု ဒေသခံတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ယမန်နေ့ အောက်တိုဘာ ၈ ရက်နေ့က အေအေတပ်ဖွဲ့နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF-Paletwa) တို့ မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းအရင်းအမြစ်အရသိရှိရသည့် နောက်ပိုင်း တွင် အသွားအလာပိုမိုကန့်သတ်ခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်ရောက် ပလက်ဝဒေသခံတစ်ဦးက ပြောသည်။
ULA/AA ၏ အုပ်ချုပ်ရေးအစီအမံဖေါ်ဆောင်လာသည့်ကာလမှစတင်ပြီး ယခင်ကလည်း အသွားအလာ ပိတ်ပင် ခြင်းကို အမှတ်မထင်ပြုလုပ်လေ့ရှိပြီး ကျန်းမာရေးကဲ့သို့ အရေးပေါ်ကိစ္စအပါအဝင် မဖြစ်အနေသွားလာရမည့် အခြေအနေပေါ်ပေါက်သော်လည်း ယခုကဲ့သို့ အသွားအလာတင်းကြပ်စွာပိတ်ပင်ထားခြင်းကြောင့် ဒေသခံများ အနေဖြင့် အခက်အခဲများစွာတွေ့ကြုံရကြောင်း သိရသည်။
Khumi Media Group – KMG
Photo-Salai Benjamin
စစ်ဘေးရှောင် တစ်နေရာရှိ စာသင်ကျောင်း