ချင်းပြည်နယ်၊ ပလက်မြို့နယ်၊ င/ဒက်ကျေးရွာအုပ်စု၊ မောင်နှမကျေးရွာသား ၃ဦး သတ်ဖြတ်ခံရသည့်ဖြစ်စဉ် အမှုမှန်ပေါ် ပေါက်ရေးနှင့် ကျူးလွန်သူများကို ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံစေရေး နည်းပေါင်းစုံဖြင့် ကြိုးစားသွားမည်ဖြစ်ပြီး ဒေသ တွင်း ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများလည်း ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီက ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဦးဆန်အောင် (၆၁နှစ်)၊ ဦးအိုက်မြင့် (၂၆နှစ်)နှင့် မောင်ပီစီထွန်း (၁၃နှစ်)တို့ သုံးဦးမှာ ခရီးသွားလာ စဉ် စက်တင်ဘာလ ၈ ရက်နေ့ အမည်မသိလူတစ်စု၏ သတ်ဖြတ်ခြင်းခံခဲ့ရပြီး စက်တင်ဘာလ ၁၅ ရက်နေ့တွင် သေဆုံးလျက် ပြန်လည်တွေ့ရှိရကြောင်းနှင့် အဆိုပါဖြစ်စဉ်ကို ထိတ်လန့်တုန်လှုပ်ဖွယ် အကြမ်းဖက်မှုဟု ဖော်ပြထားပြီး မောင်ပီစီထွန်းမှာ အသက်ဆယ့်သုံးနှစ်သာရှိသေးသည့် ကလေးငယ်တစ်ဦးမျှသာဖြစ်ကြောင်း၊ ယခုကဲ့သို့ သတ်ဖြတ်ခံရခြင်းအပေါ် မိသားစုဝင် များနှင့်ထပ်တူ များစွာယူကြုံးမရ ဖြစ်ရကြောင်း ဖော်ပြထားသည်။
ကြားကာလ ခူမီး(ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းအောင်လင်းက ” ကျွန်တော်တို့ အနေနဲ့ ထုတ်ပြန်ချက်မှာ ပြောထားသလိုပဲ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေးနဲ့ ကျူးလွန်သူတွေကို ထိုက်သင့် တဲ့ပြစ်ဒဏ်ခံရရေးကို ဦးတည်ဆောင်ရွက်ပြုလုပ်သွားမှာပါ။ အထူးသဖြင့်တော့ စစ်ကောင်စီကင်းစင်တဲ့ နေရာမျိုးမှာ ဖြစ် တာမျိုးဆိုတော့ အဲဒီနေရာဒေသနဲ့သက်ဆိုင်တဲ့ ပါဝင်ပတ်သက်သူတွေဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ အမှုမှန်ပေါ်ပေါက်ရေး အလေးထားဆောင်ရွက်ကြဖို့ ဒီလို တိုက်တွန်းထားပါတယ်…” ဟု ခူမီးမီဒီယာသို့ ပြောသည်။
ကြားကာလ ခူမီး(ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီသည် ၂၀၂၁ ခုနှစ်တွင် ပေါ်ပေါက်လာသည့် ခူမီး(ချင်း) မျိုးနွယ်စုများရေးရာ နိုင်ငံရေးဦးဆောင် အဖွဲ့အစည်းဖြစ်သည်။