ချင်းညီနောင်တပ်ဖွဲ့ ဖွဲ့စည်းသည့် တစ်နှစ်ပြည့်အခမ်းအနားကျင်းပ

Screenshot
ချင်းညီနောင်တပ်ဖွဲ့ ဖွဲ့စည်းသည့် တစ်နှစ်ပြည့်အခမ်းအနားကျင်းပ
ဒီဇင်ဘာလ ၃၀၊ ၂၀၂၄။
ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်ပြုလုပ်သည့် ချင်းညီနောင်ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အခမ်းအနားကို NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများမှ ဂုဏ်ပြုစကားပြောကြားပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့် မဟာမိတ်အဖွဲ့အစည်းများက သဝဏ်လွှာများ ပေးပို့ခဲ့ကြကြောင်း သိရသည်။
ချင်းညီနောင်တပ်ဖွဲ့သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကာ မဟာမိတ်များနှင့်အတူ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ယောနယ်များတွင် စစ်ကောင်စီတပ်ကင်းစင်ရေး စစ်ဆင်ရေးနှင့် မြို့သိမ်း၊ စခန်းသိမ်းများအပါအဝင် တိုက်ပွဲပေါင်း ၁၀၀၀ ကျော်တွင် ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး တပ်ဖွဲ့ဝင် ၂၅၀ ခန့် ကျဆုံးခဲ့ပြီး ၁၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း တစ်နှစ်ပြည့်အခမ်းအနားတွင် ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေ၏ အစီ ရင်ခံချက်အရ သိရသည်။
ချင်းညီနောင်တပ်ဖွဲ့သည် စစ်ရေးဖော်ဆောင်မှုများအပြင် ပြည်သူ့အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေသည့်အပြင် ချင်းပြည်နယ်ဖွဲ့စည်းပုံကိုရေးဆွဲရေးနှင့်ပြန်လည်ပေါင်းစည်းရေးအတွက်လည်း ဆောင်ရွက်နေကြောင်း အစီရင်ခံစာအရ သိရသည်။
ချင်းညီနောင်အဖွဲ့ကို ချင်းအမျိုးသားအဖွဲ့ချုပ်-CNO၊ ဇိုမီးဖက်ဒရယ်ယူနီယံ-ZFU၊ ချင်းအမျိုးသားကောင်စီ- မင်းတပ် CNC – Mindat၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MATC၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-ကန်ပက်လက် CDF – Kanpetlet နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ တပ်မဟာ(၁) တို့ ပါဝင်ဖွဲ့စည်းထားပြီး ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ-ICNCC အနေဖြင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *