တော်လှန်ရေးအဖွဲ့များကြား သေနတ်မဖောက်သည့် မူသဘောတူညီချက်ရရန် OGSCC က သက်ဆိုင်သူများအား တိုက်တွန်း


တော်လှန်ရေးအဖွဲ့များကြား သေနတ်မဖောက်သည့် မူသဘောတူညီချက်ရရန် OGSCC က သက်ဆိုင်သူများအား တိုက်တွန်း
နိုဝင်ဘာ ၁၇၊ ၂၀၂၄။
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် အင်အားစုများအားလုံးကြား မည်သည့်အခြေအနေမျိုးတွင်မဆို သေနတ်မပစ်ဖောက်ဘဲ ညှိနှိုင်းဆွေးနွေးအဖြေရှာရေးမူကိုသာ ကိုင်စွဲသွားမည့် သဘောတူညီချက် ရယူသွားရန် သက်ဆိုင်သူအားလုံးကို တိုက်တွန်းကြောင်း ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရေးကော်မတီ (OGSCC) က ထုတ်ပြန်ကြောင်း ယနေ့ မဇ္စျိမသတင်းတွင် ဖော်ပြသည်။
ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဖလှယ်ပွဲ ((Online Global Seminars) သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချို့မှ ကိုယ်စားလှယ်များ၊ NUG, NUCC၊ မြေပြင်တပ်ရင်းတပ်ဖွဲ့များ၊ ရွေးကောက်ခံကိုယ်စားလှယ်များ ပြည် တွင်းပြည်ပအင်အားစုများနှင့် တတ်သိပညာရှင်များအပါအဝင် ကိုယ်စားလှယ် ၁၃၈ ဦး တက်ရောက်ခဲ့ပြီး နွေဦး တော်လှန်ရေး၏ အခြေအနေအရပ်ရပ်နှင့်သက်ဆိုင်သည့် အဓိကဆုံးဖြတ်ချက်လေးချက်တွင် အဆိုပါ အချက် လည်း အပါအဝင်အဖြစ်သည်။
စစ်ကောင်စီပြိုလဲသည်နှင့် မိမိတို့တော်လှန်ရေး အဖွဲ့အစည်းအချင်းချင်းကြား ညီညွတ်မှုပြိုကွဲသွားနိုင်သည့် အခြေအနေရောက်အောင် ဖန်တီးသူများ ရှိနေသည့်အတွက် ယခုကဲ့သို့ ဆွေးနွေးတောင်းဆိုရခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲဦးဆောင်သူ ဦးကိုကိုလေး(၈၈ မျိုးဆက်) က ပြောကြောင်း သတင်းတွင် ဖော်ပြသည်။
၎င်းတို့အနေဖြင့် ပြည်တွင်းပြည်ပ စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများနှင့် အွန်လိုင်းမှတဆင့် နှီးနှော ဖလှယ်ပွဲများ မကြာခဏပြုလုပ်ပြီး ဘုံရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင်ပြုတ်ကျရေးကို ဦးတည်အဖြေရှာ သွားမည်ဖြစ်ကြောင်း သိရသည်။
Photo by CDF Paletwa page

Leave a Reply

Your email address will not be published. Required fields are marked *