ပလက်ဝမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အို ပင်စင်စားများ၏ ဘဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အို ပင်စင်စားများ ပင်စင်လစာထုတ်ယူရန် အခက်အခဲ ဖြစ်နေပြီး ပင်စင်လစာမရရှိသည်မှာ ၁၂ လ ကြာမြင့်နေပြီဖြစ်ကြောင်း ပင်စင်စား မိသားစုဝင်တစ်ဦးက ပြော သည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ နှစ်စပိုင်း တိုက်ပွဲများပြင်းထန်လာသည့် အချိန်မှစ၍ သက်ကြီးရွယ်အိုများအတွက် ပင်စင်လစာမရရှိတော့ပဲ စားဝတ်နေရေးဒုက္ခအခက်အခဲများ ကြုံတွေ့နေရသည့်အပြင် မည်သည့်အကူ အညီအထောက်အပံ့များလည်း မရရှိတော့သည့်အတွက် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် အဟာရချို့တဲ့မှုများ… စသည့်အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း မိသားစုဝင်များထံမှ သိရသည်။
ပလက်ဝမြို့နယ်တွင် ပင်စင်လခစား သက်ကြီးရွယ်အိုများ များစွာရှိနေပြီး အချို့မှာ ကျန်းမာရေးချို့တဲ့နေသူများဖြစ်၍ အိပ်ယာပေါ်တွင်ပင် မိသားစုဝင်များ၏ ပြုစုစောင့်ရှောက်မှုကို ခံယူနေရသူများဖြစ်သည့်အပြင် သူတို့၏ ပင်စင်လစာတစ်ခုတည်းကိုသာ မှီခိုအားထားပြုနေခဲ့ရာမှ ယခုကဲ့သို့ ပင်စင်လစာမရှိတော့သည့်နောက်တွင် ဒုက္ခပေါင်းစုံ၊ အခက်အခဲပေါင်းစုံ ကြုံတွေ့နေရကြောင်း မိသားစုဝင်များမှ ပြောသည်။
“အဖိုးတို့က အသက်ကြီးပြီ၊ ပင်စင်ယူတာလည်းကြာနေပြီ၊ အလုပ်လည်းမလုပ်နိုင်တော့ဘူး၊ အစိုးရအလုပ်ကနေ အနားယူပြီးကတည်းက ပင်စင်လစာကိုပဲမှီခိုပြီးတော့ စားဝတ်နေရေးအတွက် နေထိုင်စားသောက်နေရတာပါ။ အခုတော့ လစာမရတာကြာပြီ။ အသက်ကြီးလာတော့ ကျန်းမာရေးကလည်းမကောင်းတော့ဘူး။ သားသမီး၊ မြေးတွေရဲ့ ပြုစုစောင့်ရှောက်မှုကောင်းလို့ပဲ ခုအထိ အသက်ရှင် နေထိုင်လို့ရတာ…” ဟု အသက် ရှစ်ဆယ်အရွယ်ပင်စင်စား တစ်ဦးကပြောသည်။
ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီကင်းစင်သွားသော်လည်း နယ်မြေအေးချမ်းမှုအပိုင်းတွင် ပလက်ဝဒေသခံ ပြည်သူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိသေးသည့် အခြေအနေတွင်ရှိနေပြီး နယ်မြေစွန့်ခွာ ရွှေ့ပြောင်းသူ များ ပိုမိုများပြားလာကာ ယခင်က ပင်စင်ယူထားသည့် သက်ကြီးရွယ်အိုများမှာ ပင်စင်လစာကို မှီခိုနေရရာမှ ယခုပင်စင်လစာမရရှိတော့သည့်အတွက် မိသားစုဝင်များ၏ မလောက်ငှသောဝင်ငွေများဖြင့် အသက်ရှင်သန်နေရသည့် အခြေ အနေတွင် ရောက်ရှိနေကြသည်ဖြစ်ကြောင်း သိရှိရသည်။
“ပင်စင်လစာကိုထုတ်ဖို့ဆိုတာကလည်း ကိုယ်တိုင်ထုတ်မှ ရမယ်တဲ့။ ကိုယ်စားထုတ်ပေးလို့မရဘူးတဲ့။ ပင်စင်လစာကို ဟားခါးမှာသွားထုတ်ရမှာ။ ခုလိုမသွားနိုင်၊ မလာနိုင်တဲ့ အဖိုးတို့လို ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အိုတွေဆို ပင်စင်လစာထုတ်လို့ မရတော့ဘူး။ ဘယ်လိုလုပ်တာလဲ မသိတော့ဘူး။ ခေတ်ကာလကမကောင်းတော့ အစိုးရက သူတို့ကြိုက်သလို အမျိုးမျိုးလုပ်နေတာပဲ။ အခုဆို ဒုက္ခပေါင်းစုံကြုံတွေ့နေရတယ်…” ဟု အသက် ၇၀ ကျော် ကျန်းမာရေးချို့တဲ့နေသည့် သက်ကြီးပင်စင်စားအဖိုးတစ်ဦးမှ ပြောပြသည်။
နာမကျန်းဖြစ်၍ ပလက်ဝမှ ရန်ကုန်သို့ ဆေးကုသရန်ရောက်ရှိနေသည့် အသက် ၆၅ နှစ်ကျော် ပင်စင်ယူထားသည့် ယခင်အစိုးရဝန်ထမ်း တစ်ဦးက…
“ပလက်ဝမှာ ဆေးကုဖို့အဆင်မပြေဘူး။ ရန်ကုန်ဘက်ကိုသွားပြီး ဆေးကုသရတယ်။ လမ်းစရိတ်အများကြီး ကုန်ကျတယ်။ ပိုက်ဆံမတက်နိုင်ပေမယ့် ကိုယ့်ရဲ့ကျန်းမာရေးအတွက်ဆိုတော့ သွားရတာပေါ့။ ပြီးတော့ ပင်စင်လစာကို နီးစပ်ရာ စစ်ကောင်စီဌာနမှာ တင်ရတာပေါ့။ ဒီလိုမလုပ်ဘူးဆိုရင် အဆင်မပြေဘူးလေ။ ကိုယ့်ရဲ့ရပိုင်ခွင့်ကို ကိုယ်ကိုယ်တိုင်လုပ်ရတာပဲ၊ စစ်ကောင်စီကိုတော့ သဘောမကျပေမယ့် ကိုယ့်ရဲ့အရင်လုပ်ခဲ့တဲ့ လုပ်သက်လစာကို ပြန်ယူရမှာပဲ။ ဒီအတွက် ဘယ်သူတွေဘာပြောပြော လုပ်ရမှာပဲလေ။ ကျွန်တော်တို့က ပင်စင် ယူပြီး အနားယူတာကြာပြီ။ ဒါပေမယ့် ဒီပင်စင်လစာနဲ့ပဲ တစ်လတစ်လမိသားစုအတွက် အထောက်အပံ့ဖြစ်ခဲ့ရတာပါ။ အရမ်းခက်ခဲတယ်။ ခုလည်း ရန်ကုန်မှာရောက်နေတယ်…” ဟု ပြောသည်။
ပလက်ဝပင်စင်စားများအနေဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်အထိ ပလက်ဝမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နီးနီးနားနားထုတ်ယူခွင့်ရခဲ့သည့် ပင်စင်လစာကို ယခုအခါ ကျန်းမားရေးမကောင်းသည့်ကြားက ကုန်းတစ်တန်ရေတစ်တန် ခရီးရှည်ကို လမ်းစရိတ်အဆမတန်အကုန်အကျခံပြီး ရန်ကုန်မြို့အထိ ရက်ရှည်ခရီးသွားနေရပြီ ဖြစ်သည်။
အမှန်မှာ ယခုရရှိနေသည့် ပင်စင်လစာသည် ‌ဒေသတွင်းဖြစ်ပေါ်နေသည့် ကုန် ဈေးနှုန်းနှင့်နှိုင်းစာလျင် ပြောပလောက်အောင် များပြားသည်တော့မဟုတ်သို့ရာတွင် တစ်လချင်းရသည့် ပမာဏကိုတစ်နှစ်စာအဖြစ် စုပေါင်း လိုက်သည့်အခါ ပင်စင်စားတစ်ဦးအတွက် အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနိုင်သည့် ပမာဏဖြစ်နေသည်ကို တွေ့ရသည်။
“အခု အဘတို့ဆီမှာ ကြက်တစ်ကောင် ၉၇၀၀၀ ကျပ် လောက်ဖြစ်နေတာ။ အဘရတဲ့ ပင်စင်က ဘာမှမဟုတ်ဘူး။ ဒါပေမယ့် တစ်နှစ်စာပေါင်းလိုက်ရင် အဘအတွက်လည်း သားသမီးမျက်နှာ ကြည့်နေရတာထက်စာရင် လိုချင်တာပေါ့လေ…” ဟု ရန်ကုန်ရောက် ပင်စင်စားတစ်ဦးကပြောသည်။
ပလက်ဝပင်စင်စားများအနေဖြင့် ရန်ကုန်ကဲ့သို့ မိမိရရှိသည့် ပင်စင်လစာများကို ထုတ်ယူခွင့်ရနိုင်သည့် နေရာကိုရောက်နေသည့်တိုင် လွယ်လွယ်ကူကူထုတ်ရသည်တော့မဟုတ်။ လုပ်ထုံးလုပ်နည်းအရ လိုအပ်သည့်အထောက်အထားများစွာ(သက်သေခံလက်မှတ်၊ ပင်စင်စာအုပ်၊ ဌာနများ၏ထောက်ခံစာများ… စသည်)တို့ကို တင်ပြရသေးသည်။
“ပင်စင်လစာထုတ်ဖို့ထုတ်ဖို့ နေမကောင်းရတဲ့ကြားထဲ ရုံးတွေအများကြီးသွားပြီး စာတင်ရတယ်။ ပင်စင်လစာတော့ ထုတ်လို့ရပေမယ့် ကျွန်တော်တို့ကို စစ်ဘေးရှောင်အနေနဲ့ ထောက်ခံစာတွေတင်ပြီးတော့မှ ထုတ်ပေးကြတာ။ လူကိုယ် တိုင်လုပ်မှရတာ။ ဘယ်သူမှ ကိုယ်စားထုတ်လို့မရဘူး။ ပလက်ဝမှာကျန်ခဲ့တဲ့ ဦးလေး၊ ဒေါ်လေးတွေဆို လူကိုယ်တိုင်မလာရလို့ ထုတ်လို့မရကြဘူး၊ ဒီအ တွက် စိတ်မကောင်းဖြစ်ရတယ်။ ဒီလိုအခြေအနေမျိုး မဖြစ်သင့်ဘူး။ ကျန်းမာ ရေးမကောင်းတဲ့သူတွေကို ကိုယ်စားထုတ်ဖို့လုပ်ပေးသင့်တယ်လေ။ တော် တော်ကို နိုင်ငံရေးအစိုးရယန္တရားပျက်နေပြီဆိုတာ သိသာတယ်…” ဟု ရန်ကုန်ရောက် အခြေချနေထိုင်နေသည့် ပင်စင်စားသက်ကြီးရွယ်အိုဦးလေးတစ်ဦးမှ ခူမီးမီဒီယာသို့ ဝမ်းနည်းစွာ ပြောပြလာခြင်းဖြစ်သည်။
ပလက်ဝမြို့နယ်တွင် စစ်ကောင်စီလက်ထက်မတိုင်မီကတည်းကပင် ပင်စင်ယူထားသော သက်ကြီးရွယ်အိုများမှာ ပင်စင်လစာကိုအမှီပြုနေရာမှ ယခုလိုလစာမရှိတော့သည့်အတွက် ပလက်ဝဒေသခံပြည်သူများ စိုးရိမ်ပူနေမှုများ ပိုမိုများ ပြားလာလျက်ရှိနေကြောင်း တွေ့ရသည်။
“ပလက်ဝမှာ စစ်ကောင်စီမရှိတော့ဘူး။ အခု အေအေကအုပ်ချုပ်နေတယ်။ ဒီအတွက် သက်ကြီးရွယ်အိုတွေကို ဘာလုပ်ပေးမှာလဲ။ စစ်ကောင်စီအုပ်ချုပ်နေတုန်းကဆိုရင် ပင်စင်လစာနဲ့ အဆင်ပြေခဲ့သေးတယ်။ အေအေတွေအုပ်ချုပ်ပြီးနောက်မှာ သူတို့အတွက် ဘာမှအထောက်အပံ့မရတော့ဘူး။ ဒါကိုဘယ်လိုဖြေရှင်းပေးမလဲ။ အေအေတွေက ဒါကိုနားလည်သင့်တယ်။ သက်ကြီးရွယ်အိုတွေဆိုတာ သူတို့ရဲ့ ပင်စင်လစာကိုပဲ အားကိုးနေတာ။ ဒီလိုပြောတာ အေအေတွေဆီ အနားခံတောင်းနေတာမဟုတ်ဘူး။ သူတို့ ထိန်းချုပ်ထားပြီး သူတို့ဘာလုပ် ပေးမလဲပေါ့။ ဒါကို သိချင်တာ…” ပင်စားတစ်ဦးက မေးပြောပြောခြင်း ဖြစ် သည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် လက်ရှိတွင် ULA/AA မှ ထိန်းချုပ်နေပြီး လက်ရှိတွင် ပင်စင်စားသက်ကြီးရွယ်အိုများမှာ ကျန်းမာရေးကြောင့်လည်း ကောင်း၊ အသွားအလာကန့်သတ်မှုကြောင့်လည်းကောင်း အခက်အခဲများစွာ ကြုံတွေ့နေရပြီး ပင်စင်လစာကိုမှီခိုနေရသည့် သက်ကြီးရွယ်အိုများအနေဖြင့် မည်သို့မည်ပုံ အသက်ရှင်ရုန်းကန်ရမည်ကို အခက်တွေ့နေသည့် ပင်စင်စားအဖွားတစ်ဦးက ပြောသည်။
“တော်လှန်ရေးအဖွဲ့တွေအားလုံးကို အရင်ကတည်းကရော အခုရောလေးစားပါတယ်။ ဒီအတွက် တစ်ခုခုဖြေရှင်းပေးဖို့ သက်ဆိုင်ရာကို ပြောချင်ပါတယ်။ ပြီးတော့ စစ်ကောင်စီဆီက ထုတ်လို့ရသမျှ ပင်စင်လစာကို သွားထုတ်လို့ရတဲ့သူတွေထုတ်ပါ။ ဒါပေမယ့် ထုတ်လို့မရတဲ့ သက်ကြီးရွယ်အို မကျန်းမမာဖြစ်နေတဲ့ သူတွေကိုတော့ နယ်မြေအုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူဖြေရှင်းပေးဖို့သင့်တယ်…” ဟု မိသားစုဝင် နာမည်မဖော်လိုသူတစ်ဦး ပြောပြချက်အရ သိရသည်။
ပိုဆိုးသည်က သာမန်လူကောင်းတစ်ဦးကဲ့သို့ မသွားမလာနိုင်သည့် ပင်စင်စားများအတွက် အဖြေမရှိခြင်းပင် ဖြစ်သည်။ သူတို့အတွက် မည်သည့်အဖွဲ့အစည်းက မည်သည့်အစီအစဉ်ဖြင့် မည်ကဲ့သို့ဆောင်ရွက်ပေးမည်နည်း ဆို သည့်မေးခွန်းပင် ဖြစ်သည်။
မီဇိုရမ်သို့ရောက်ရှိနေသည့် သက်ကြီးရွယ်အိုပင်စင်စားတစ်ဦး၏ မြေးမှ “ကျွန်တေ့သဘောနဲ့ဆို အဖိုးတို့ကို စစ်ကောင်စီဆီကနေ ဘာမှမယူစေချင်တော့ဘူး။ ဒါပေမယ့် စစ်ကောင်စီတွေက ပင်စင်လစာကို အာဏာမသိမ်းမီကတည်းက ရှိနေပြီးသား။ ဒါကြောင့် အဖိုးတို့၊ အဖွားတို့အတွက် ထိုက်ထိုက်တန်တန် သူတို့ရဲ့ ပင်စင်လစာကို ရသင့်တယ်။ ဒီလိုပြောတာက ခုဖြစ်နေတဲ့ အခြေအနေနဲ့မသက် ဆိုင်ဘူးလို့တော့ မြင်တယ်။ ဒီအတွက် ကြိုက်သလို သဘောထားကွဲလွဲလို့ရပါတယ်။ ကျွန်တော့်အနေနဲ့ ပင်စင်လစာကိုသွားထုတ်လို့မရတဲ့ ကျွန်တော့်ရဲ့ အဖိုးတို့လို အိပ်ယာပေါ်လဲနေတာ တော်တော်ကိုအခက်အခဲဖြစ်နေတာကို သိစေချင်တာပါ။ အရမ်းကို စိတ်ထိခိုက်ရတယ်။ ခုလိုစစ်ကောင်စီ ကင်းစီကင်းစင်ပြီး နယ်မြေအေးချမ်းနေတဲ့ ကျွန်တော်တို့ ပလက်ဝဒေသကို လက်ရှိအုပ်ချုပ်သူတွေက သူတို့အတွက် လူသားချင်းစာနာထောက်ထားမှု တစ်ခုခုတော့လုပ်ပေးသင့်တယ်လို့ မြင်ပါတယ်…” ဟု တွေးတွေးဆဆဖြင့် ပြောသည်။
James Roe

Leave a Reply

Your email address will not be published. Required fields are marked *