ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ပါးဝကျေးရွာမှ နိုင်ငံရေးအကျဉ်းသား ၁၉ ဦး လွတ်မြောက်လာခြင်းမရှိသေး

ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ပါးဝကျေးရွာမှ နိုင်ငံရေးအကျဉ်းသား ၁၉ ဦး လွတ်မြောက်လာခြင်းမရှိသေး

ဇန်နဝါရီ ၂ ရက်၊ ၂၀၂၅။

ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ပါးဝကျေးရွာမှ နိုင်ငံရေးပုဒ်မ ပုဒ်မ – ၅၂ (က) ဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ပလက်ဝမြို့ တရားရုံးက အမိန့်ချမှတ်ကာ စစ်တွေအကျဉ်းထောင်သို့ပို့ဆောင်ပြီး အကျဉ်းကျထားခြင်းခံခဲ့ရသော နိုင်ငံရေး အကျဉ်းသား ၁၉ ဦးသည် ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် လွတ်ရက်စေ့၍ လွတ်မြောက်ရမည် ဖြစ်သော်လည်း ယနေ့ အထိ လွတ်မြောက်မှုမရှိသေးကြောင်း အကျဉ်းကျခံ မိသားစုဝင်များထံမှ သိရသည်။

ပါးဝရွာသား ၁၉ ဦးသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ စစ်ကောင်စီမှ တရားစွဲဆိုခဲ့ပြီး မတ်လ ၃၀ ရက်နေ့ တွင် ၁၆ ဦးကို ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရပြီး ၃ ဦးကို ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်ကာ ဧပြီလ ၆ ရက်နေ့ ပလက်ဝရဲစခန်းမှ စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပြီးနောက် အကျဉ်းကျနေစဉ် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ လ ၈ ရက်နေ့က စစ်တွေအကျဉ်းထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ရွှေ့ပြောင်းအကျဉ်းချ ခံရခြင်းဖြစ်သည်။

“အစ်ကိုတို့ကို ပုသိမ်ထောင်မပြောင်းခင်မှာတော့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ လွတ်ရက်စေ့လို့ လွတ်မယ်လို့ပြောပြီး လွတ်မလာဘူး။ ဪ… ဒီဇင်ဘာလမှာတော့ လွတ်လာမယ်လို့ပြန်ထင်ပြီး တစ်လလုံးမျှော်နေတာ၊ ဒါပေမယ့် မလွတ်လာပြန်ဘူး။ အခု အဆက်အသွယ်အသွယ်လည်း မရဘူး။ ဘယ်လိုဖြစ်တာလဲ မသိဘူး….” ဟု မိသားစုဝင် တစ်ဦးမှ ဝမ်းနည်းစွာပြောသည်။

“ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ခရစ္စမတ်နေ့မှာ ထောင်ကျခံနေရတဲ့ ခရစ်ယာန်တွေကို ဝတ်ပြုဆုတောင်း ပွဲလေးတစ်ခု သွားရောက်ခဲ့တယ်။ အဲထဲမှာ ပလက်ဝဘက်က နိုင်ငံရေးအမှုနဲ့ ထောင်ကျနေတဲ့ ၁၉ ယောက်ကို မထင်မှတ်ပဲ တွေ့ခဲ့တယ်လေ။ သူတို့ရောက်နေတာ အစကမသိဘူး။ အထဲကိုရောက်မှ သိရတာ။ အချိန်အကန့် အသတ်ကြောင့် စကားလည်း ကြာကြာပြောခွင့်မရလိုက်ဘူး။ သူတို့ရဲ့မိသားစုဝင်တွေဆီ အမှာစကားပါးကြတယ်။ အားလုံးနေကောင်းပါတယ်၊ သူတို့ကိုစိတ်မပူဖို့ရယ်၊ အနေအထိုင်နဲ့ အစားအသောက် အဆင်ပြေကြောင်း၊ မိသား စုဝင်အားလုံးကို သတိရကြောင်း၊ မိသားစုတွေကို ကျန်းမာရေးဂရုစိုက်ဖို့အကြောင်း၊ သူတို့အတွက် ဆုတောင်း ပေးဖို့အကြောင်း ဒီလောက်ပဲ ပြောလို့ရခဲ့တယ်…” ဟု ဒီဇင်ဘာလ ၂၅ ရက်နေ့ (ခရစ္စမတ်နေ့) အကျဉ်းသားများ အတွက် ဝတ်ပြုဆုတောင်းရန်သွားရောက်ခဲ့သည့် ပုသိမ်မြို့ ခရစ်ယာန်အသင်းတော် ဘုန်းတော်ကြီးတစ်ပါးက ခူမီးမီဒီယာကို ပြောသည်။

အဆိုပါ ဘုန်းတော်ကြီးက ဆက်ပြီး ”သူတို့လွတ်မယ့်ရက်တွေကိုလည်း မမေးမိတော့ မသိလိုက်ရဘူး။ နောက်ထပ်တစ်ခေါက် ဆုတောင်းပေးဖို့သွားတဲ့အခါမှပဲ သေချာလေးစကားပြောရတော့မယ်။ ဒါတောင်မှ ထောင်ထဲကို ဆုတောင်းပေးဖို့ခွင့်ပေးတာ ဘုရားရဲ့ကျေးဇူးတော်ပါပဲ။ သူတို့ကို မိသားစုဝင်တွေ တွေ့ချင်တယ်ဆိုရင် အိမ်ထောင်စုစာရင်းမူရင်း၊ ကိုဗစ်ဆေးစစ်ချက် ၂ စောင်နဲ့ မှတ်ပုံတင်မူရင်းပြရင် မိနစ် ၂၀ လောက် ထောင်ဝင်စာတွေ့လို့ရတယ်လို့ ထောင်ပိုင်ကပြောတယ်…” ဟု ပြောသည်။

ပါးဝရွာသား ၁၉ ဦးသည် စစ်ကောင်စီ၏ ဥပဒေမဲ့ မတရားဖမ်းဆီးခြင်းခံရကာ နိုင်ငံရေးအကျဉ်းသားများအဖြစ် အကျဉ်းကျခံနေရသူများဖြစ်ပြီး အခါကြီးရက်ကြီးနေ့များတွင် လွတ်ငြိမ်းချမ်းသာဖြင့်လွတ်ပေးသည့် အကျဉ်း သားများထဲတွင်လည်း ပါဝင်လာခြင်းမရှိသည့်အပြင် လွတ်မြောက်ရက်စေ့နေပြီဖြစ်သော်လည်း လွတ်မြောက် လာခြင်း မရှိသေးကြောင်း သိရသည်။

သတင်း – James Roe

#khumimediagroup

#paletwa

#sami

#chinstate

#khumi

Leave a Reply

Your email address will not be published. Required fields are marked *