ချင်းကာကွယ်ရေးတပ်-အရှို တိုက်ပွဲသတင်းထုတ်ပြန်
ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၅။
ချင်းကာကွယ်ရေးတပ်-အရှို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားရာ စစ်သုံ့ပန်း ၁၁ ဦး ဖမ်းဆီးရမိပြီး လက်နက်ငယ် ၉ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ယနေ့ ဇန်နဝါရီ ၅ ရက်နေ့ ထုတ်ပြန်သည်။
ဇန်နဝါရီ ၃ ရက်နေ့က အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ ၁ ဦးကျဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်။ ထိုနည်းတူ ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်အတွင်း အမ်းမြို့နယ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးကို လက်နက်ငယ် ၉ လက်၊ ခဲယမ်းများနှင့်အတူ ဆင်ခုံတိုင်နှင့် တောင်ဇောက်ကျေးရွာအနီး ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချင်းကာကွယ်ရေးတပ်-အရှို အနေဖြင့် လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သတင်း – ခူသေ့