ချင်းလူမျိုး ၂၈ ဦး ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခြေလျင်လျှောက်ပြီး မီဇိုရမ်သို့ ရောက်ရှိလာ
ဇန်န၀ါရီလ ၁၂ ရက်၊ ၂၀၂၅။
မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ဘောမ်မျိုးနွယ်စု ချင်းလူမျိုး ၂၈ ဦးမှာ စစ်ရှောင်လာရင်း ဘင်္ဂလားဒေ့ရှ် နယ်စပ် ကို ခြေလျင်ဖြင့်ဖြတ်ကျော်ကာ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်သို့ ရောက်ရှိလာကြောင်း ခရိုင်ရဲတပ်ဖွဲ့မှ ဇန်န၀ါရီလ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဘောမ်မျိုးနွယ်စု ချင်းလူမျိုး ၂၈ ဦးမှာ လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်း (ခရစ္စမတ်ကာလ) ကတည်းက ဇာတိကျေးရွာဖြစ်သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသရှိ Bandarban ခရိုင်၊ ခမ်တလန်ပါရာကျေးရွာနှင့် ပေါက်ခန်းကျေးရွာမှ စစ်ကောင်စီတပ်နှင့် အေအေတပ်တို့ တိုက်ပွဲဖြစ်ပွားသည့်အတွက် နေရပ်စွန့်ခွာလာကာ ခြေလျင်ခရီးဖြင့် စစ်ရှောင်လာရင်း မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင် Tuithumhar ကျေးရွာ သို့ ရောက်ရှိလာခြင်းဖြစ်ပြီး အာသံရိုင်ဖယ်တပ်စခန်း၌ ခိုလှုံခွင့်ပေးထားကြောင်း သိရသည်။
အဆိုပါစစ်ရှောင် ၂၈ ဦးတွင် မွေးကင်းစကလေးငယ် ၉ ဦးအပါအဝင် ကလေးငယ်ပေါင်း ၁၅ ဦးပါဝင်ကြောင်း သိရပြီး ဘောမ်မျိုးနွယ်စု စစ်ဘေးရှောင်များ မီဇိုရမ်တွင် ၅၉၂၂ ဦးနှင့် မဏိပူရ်တွင် ၈၄ ဦးရှိကြောင်း အိန္ဒိယအခြေစိုက်မီဒီယာများတွင် ဖော်ပြသည်။
အိန္ဒိယဗဟိုအစိုးရက မီဇိုရမ်ပြည်နယ်အတွင်း ရောက်လာသည့် စစ်ဘေးရှောင်ဒုက္ခသည် ၃၅ ဦးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တရားမဝင်ရောက်ရှိလာသည်ဟုဆိုကာ လာလမ်းအတိုင်း ပြန်ပို့ပေးခဲ့သော်လည်း ယခုရောက်ရှိလာသည့် စစ်ဘေးရှောင်များကို ပြန်မပို့ရန်နှင့် Hruitezawl ရွာတွင် ခိုလှုံခွင့်ပေးထားရန် မီဇိုရမ်ပြည်နယ်အစိုးရက လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၊ လက်ထောက်ကော်မရှင်နာမှတစ်ဆင့် အာသံရိုင်ဖယ် အရာရှိများကို ညွှန်ကြားထားကြောင်း သိရသည်။
သတင်း – James Roe