NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနက အများပြည်သူသို့ အသိပေးချက်ထုတ်ပြန်
ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၅။
NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ် ခြင်း (စနစ်သစ် ဒွါဒသမတန်း) ကို ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့၊ ကြေညာ ချက် အမှတ် (၂/၂၀၂၅) ဖြင့် ထုတ်ပြန်ကြေညာသည်။
ယခုပြုလုပ်မည့် စနစ်သစ်ဒွါဒသမတန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူနှင့် အခြေခံပညာ ဒွါဒသမတန်း(စနစ်သစ်)ကို သင်ယူလေ့လာဖူးသူ ဖြစ်ရမည်ဖြစ်ပြီး ဖြေဆိုမည့်သူများအနေဖြင့် Online, Offline နှစ်မျိုးစလုံးဖြင့် ဖြေဆိုနိုင်ကြောင်း သိရသည်။
ယခုစာမေးပွဲကို အလွတ်ကျက်မှတ်မှုကို အားပေးသည့်မေးခွန်းများအစား ခွဲခြမ်းစိတ်ဖြာသုံးသပ်၍ အသုံးချနိုင်မှုနှင့် လက်တွေ့ဘဝနှင့်ဆက်စပ်ပြီး ပြဿနာများကို တီထွင်ဖန်တီးဖြေရှင်းနိုင်မှု တို့ကို စစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ပြီး ဖြေဆိုမည့်သူများအနေဖြင့် NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စနစ်သစ်ဒွါဒသမတန်း သင်ခန်းစာများကို ကောင်းစွာလေ့လာထားသင့်ကြောင်း တိုက်တွန်းထားသည်။
သတင်း- ဆလိုင်းခူသေ့