NUG မှ မဟာမိတ်များထံသို့ တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနားပြုလုပ်
ဇန်နဝါရီလ ၁၈ရက်၊ ၂၀၂၅။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ရရှိထားသည့် တော်လှန်ရေးရန်ပုံငွေများအား မျှဝေခြင်းအခမ်းအနားကို ဇန်နဝါရီ ၁၈ ရက်နေ့ Zoom Platform မှတစ်ဆင့် ပြုလုပ်ခဲ့ကြောင်း NUG လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ဖော်ပြသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများ၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ-ICNCC နှင့် Chinland Council-CC တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပြီး အခမ်းအနားတွင် ရန်ပုံငွေမျှဝေခြင်းအပြင် ချင်းအမျိုးသားရေး အင်အားစုများနှင့် အဖွဲ့အစည်းများကြား စည်းလုံးညီညွတ်ရေးအတွက် နှစ်ဘက်ခေါင်း ဆောင်များ အတူတကွ နည်းလမ်းရှာဖွေရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင်ဖြုတ်ချရေး နွေဦးတော်လှန်ရေးအတွင်း ချင်းတော်လှန်ရေးအင်အားစုများအဖြစ် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနှင့် ချင်းပြည်ကောင်စီဟူ၍ နှစ်ဖွဲ့ရှိပြီး ယခု NUG မှ တော်လှန်ရေး ရန်ပုံငွေကို နှစ်ဖွဲ့စလုံးအား မျှဝေပေးခြင်း ဖြစ်သည်။
သတင်း- ဆလိုင်းခူသေ့