ချင်းတစ်မျိုးသားလုံးညီညွတ်ရေးကို အလေးထားရန် ချင်းလဲန်းကောင်စီဥက္ကဌက မေတ္တာရပ်ခံစာပေးပို့
ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၅။
ချင်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို အလေးထားရန် ချင်းညီနောင်တပ်ဖွဲ့ဝင်များဖြစ်သည့် Maraland Defence Force (MDF) နှင့် CDF – Kanpetlet တပ်ဖွဲ့ထံ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ချင်းလဲန်းကောင်စီဥက္ကဌ ပူးဇင်ကျုံးက မေတ္တာရပ်ခံစာပို့ပေးခဲ့ကြောင်း သိရသည်။
ချင်းပြည်ကောင်စီအနေနှင့် လက်ရှိဖြစ်ပေါ်နေသည့် သဘောထားကွဲလွဲမှုများနှင့် ပဋိပက္ခများကို အမြန်ဆုံးဖြေရှင်း ပေါင်းစည်းနိုင်ရေးအတွက် ညှိနှိုင်းအဖွဲ့များ၏ အကြံပြုချက်နှင့် ပေါင်းစပ်ညှိနှိုင်းမှုများကို လိုက်နာလျက် ချင်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို အလေးထားဆောင်ရွက်နေပြီး ချင်းလူမျိုးအချင်းချင်းကြား မလိုလားအပ်သည့် သွေးထွက်သံယိုမှုနှင့် စစ်ရေးတိုက်ခိုက်မှုများကို အဖွဲ့အသီးသီးက သတိထားရှောင်ရှားရမည့် အချိန်ကာလဖြစ်ပြီး ညှိနှိုင်းပေါင်းစပ်မှုနည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံစာတွင် ဖော်ပြသည်။
ချင်းညီနောင်တပ်ဖွဲ့ဝင် MDF တပ်ဖွဲ့နှင့် CDF – Lautu တပ်ဖွဲ့တို့သည် လိုင်လင်းပီနှင့် စပေါ်ရွာတို့တွင် ပြီးခဲ့နှစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း အချင်းချင်းတင်းမာမှုများရှိခဲ့ပြီး ကန်ပက်လက်မြို့နယ်ထဲတွင် CDF-Kanpetlet တပ်ဖွဲ့သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင် ကန်ပက်လက်ကောင်စီ ခေါင်းဆောင်များ၏ နေအိမ်များကို ဝင်ရောက် စီးနင်းခြင်းနှင့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် ကန်ပက်လက်ကောင်စီ၏ တပ်ဖွဲ့စခန်းကို ဝင်ရောက်စီးနင်းခဲ့သည်။
သတင်း – James Roe