အိန္ဒိယဗဟိုအစိုးရ၏ အမိန့်ထုတ်ပြန်စာကို ZORO က မီးရှို့ဖျက်ဆီးမည်

အိန္ဒိယဗဟိုအစိုးရ၏ အမိန့်ထုတ်ပြန်စာကို ZORO က မီးရှို့ဖျက်ဆီးမည်

ဇန်နဝါရီလ ၂၁ရက်၊ ၂၀၂၅။

အိန္ဒိယ-မြန်မာနယ်စပ်အကြား လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR စနစ်ကိုဖျက်သိမ်းပြီး နယ်စပ်ဖြတ်ကျော်ဝင်ထွက်သွားလာခွင့် ကန့်သတ်လိုက်သည့် အိန္ဒိယဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့၏ အမိန့်ထုတ်ပြန်စာ မိတ္တူကို လာမည့်ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မီးရှို့ဖျက်ဆီးသွားမည်ဟု Zo Reunification Organization (ZORO) က ဇန်နဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာသည်။

အိန္ဒိယဗဟိုအစိုးရသည် နှစ်ပေါင်း ၄၀ ခန့်ကျင့်သုံးလာခဲ့သည့် Free Movement Regime (FMR) ဟုခေါ်သော နှစ်နိုင်ငံ ပြည်သူများ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ကို ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ကန့်သတ်တင်းကြပ်လိုက် ပြီး နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာနိုင်မည့် စစ်ဆေးရေးဂိတ် ၁၈ ခု ထားရှိရန်စီစည်ထားကာ နှစ်နိုင်ငံ ပြည်သူများအနေဖြင့် ဆွေးမျိုးတွေ့ဆုံခြင်း၊ ခရီးသွားခြင်း၊ ကုန်သွယ်ခြင်း၊ အားကစား၊ ကျန်းမာရေး၊ အစည်း အဝေး၊ ယဉ်ကျေးမှုဖလှယ်ခြင်း စသည့် ကဏ္ဍများအတွက် Border Pass (နယ်စပ်ဖြတ်ကျော်ခွင့် ကဒ်ပြား) များရယူကာ ဖြတ်သန်းသွားလာခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် နိုင်ငံတကာနယ်နိမိတ်၏ ပိုင်ခြားမှုကြောင့် တစ်နိုင်ငံစီဖြစ်သွားကြရသည့် ဌာနေ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ပြီး FMR စနစ်ကို အမြန်ဆုံးပြန်လည်ခွင့်ပြုကာ နှစ်နိုင်ငံပြည်သူများ လွတ်လပ်စွာဝင်ထွက်သွားလာခွင့် ပြန်လည်ဖြေလျှော့ပေးရန် ZORO အဖွဲ့က တောင်းဆို ထားပြီး အမိန့်ထုတ်ပြန်စာ မိတ္တူကို မီးရှို့ဖျက်ဆီးမည့် အခမ်းအနားကို မြို့တော် အိုက်ဇောလ်အပါအဝင် ခရိုင်မြို့ အသီးသီးတွင် ကျင်းပသွားမည်ဖြစ်ပြီး မီဇိုရမ်ပြည်လူထုတရပ်လုံး ပူးပေါင်းပါဝင်ပေးကြရန်လည်း ZORO အဖွဲ့က တောင်းဆိုထားသည်။

ထိုနည်းတူ အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးကာရံမှုကို ပြီးခဲ့တဲ့ဇန်နဝါရီ ၁၅ရက်နေ့က မဏိပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုင် မှတ်တိုင် ၈၁ မှ ဆက်လက်အကောင်ထည် ဖော်ဆောင်သည့် နယ်စပ်စည်းရိုးကာရံမှုအခြေနေ ကို UNC အဖွဲ့ ဦးဆောင်မှုနှင့် နာဂကျောင်းသားများသမဂ္ဂ(မဏိပူရ်)အဖွဲ့နှင့် ဒေသခံ လူမှုရေးအဖွဲ့အစည်းများက သွားရောက်ကြည့်ရှု့ခဲ့ပြီး ညီညွတ်သောနာဂကောင်စီUNC အပြင်းအထန်ကန့်ကွက်ထားကာ UNCမှ နာဂလူမျိုး များနေထိုင်သည့် အိန္ဒိယ-မြန်မာနယ်စပ်များမှာ နယ်စပ်ခြံစည်းရိုး ကာရံနေခြင်းကို လက်မခံနိုင်ကြောင်း အိန္ဒိယ အစိုးရနှင့် ပြည်ထဲရေးဝန်ကြီးထံ အကြိမ်ကြိမ် ကန့်ကွက်စာပေးပို့ထားကြောင်း အိန္ဒိယအခြေစိုက်မီဒီယာများတွင် ဖော်ပြပါရှိသည်။

လက်ရှိ အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးကာရံမှုသည် အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရ၏ နှစ်ဘက်သဘော တူညီမှုသာဖြစ်ပြီး ဒေသခံ ဌာနေနာဂတိုင်းရင်သားများ၏ သဘောတူညီမှုကို ရယူခြင်းမရှိသည့်အတွက် နာဂလူမျိုးများ၏ မူလအခွင့်ရေးကိုချိုးဖောက်မှုဖြစ်သည့်အတွက် ညီညွတ်သောနာဂကောင်စီ UNC နှင့် နာဂတမျိုးသားလုံးက အပြင်းအထန်ကန့်ကွက်သွားမည်ဟု သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *