မီဇိုရမ်သို့ စစ်ဘေးရှောင်လာသည့် ဘောမ်မျိုးနွယ်စု ချင်းလူမျိုး ၂၈ ဦး ကို ပြန်လည်နှင်ထုတ်
ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂၅။
ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခြေလျင်ဖြင့် ဖြတ်ကျော်ကာ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်သို့ ရောက်ရှိလာသည့် ဘောမ်မျိုးနွယ်စု ချင်းလူမျိုး ၂၈ ဦး ပြည်နယ်အစိုးရနှင့် အာသံရိုင်ဖယ်က ဇန်နဝါရီလ ၁၁ ရက်နေ့ တွင် ပြန်လည်နှင်ထုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ရှောင် ၂၈ ဦးတွင် မွေးကင်းစကလေးငယ် ၉ ဦးအပါအဝင် ကလေးငယ်ပေါင်း ၁၅ ဦး ပါဝင်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင် Tuithumhar ကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အာသံရိုင်ဖယ်တပ်စခန်း၌ ခိုလှုံခွင့်ပေးထားကာ မီဇိုရမ်ပြည်နယ်အစိုးရ လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၊ လက်ထောက်ကော်မရှင်နာမှတစ်ဆင့် သူတို့ကို နေရပ်ပြန်မပို့ရန်နှင့် Hruitezawl ရွာတွင် ဆက်လက်ခိုလှုံခွင့်ပေးထားရန် အာသံရိုင်ဖယ်အရာရှိများကို ညွှန်ကြားထားသော်လည်း ဇန်နဝါရီ ၁၁ ရက်တွင် နေရပ်သို့ပြန်လည်၍ နှင်ထုတ်ခဲ့ကြောင်း သိရသည်။
အိန္ဒိယဗဟိုအစိုးရသည် ယခင်နှစ်က မီဇိုရမ်ပြည်နယ်အတွင်းရောက်ရှိလာသည့် စစ်ဘေးရှောင်ဒုက္ခသည် ၃၅ ဦးကိုလည်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တရားမဝင်ရောက်ရှိလာသည်ဟုဆိုကာ လာလမ်းအတိုင်း ပြန်ပို့ခဲ့သည်နည်းတူ ယခုတွင်လည်း စစ်ဘေးရှောင်များကိုလည်း နေရပ်သို့ပြန်ရန် နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ပြည်နယ်အစိုးရနှင့် အာသံရိုင်ဖယ်က ထိုကဲ့သို့ပြုလုပ်သည့်လုပ်ရပ်ကို ဇိုမျိုးနွယ်စုများ ပြန်လည်ပေါင်းစည်း ရေး အဖွဲ့အစည်းဖြစ်သည့် ZORO အဖွဲ့က အပြင်းအထန်ကန့်ကွက်သည်ဟု တုံ့ပြန်ထားသည်။
သတင်း – James Roe