ပလက်ဝပြည်သူအတွက် အုပ်ချုပ်ရေးသည် မရှိမဖြစ်လိုအပ်

၁။ ပလက်ဝပြည်သူနှင့် အုပ်ချုပ်ရေး
လက်ရှိအချိန်တွင် ပလက်ဝပြည်သူများအတွက် လိုအပ်သည့်အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်သည့် အဖွဲ့အစည်း သို့မဟုတ် အစိုးရမှာ ULA နှင့် PC (ပလက်ဝကောင်စီ) နှစ်ခုသာရှိသည်။ ခုချိန်ထိ အခြားသော အစိုးရအဖွဲ့အစည်း မရှိသေးပေ။ အစိုးရ သို့မဟုတ် အုပ်ချုပ်ရေးသည် နိုင်ငံရေးသဘောတရားအရဖြစ်ဖြစ် လူသားတို့၏ ရှင်သန်မှုသဘောတရားအရဖြစ်ဖြစ် မရှိမဖြစ် လိုအပ်သည်။
စစ်ဘေးဒဏ် အလူးအလိမ့်ခံနေရသော ပလက်ဝပြည်သူများ၏ လူမှုစီးပွားအခြေခံလိုအပ်ချက်များ ရရှိနိုင်ရေး ဝန်ဆောင်မှုများအတွက် အာမခံဆောင်ရွက်ပေးရန် အစိုးရအဖွဲ့တစ်ရပ်လိုအပ်ပြီး အဆိုပါအစိုးရက မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်သည်။ ဤအခြေခံသဘောတရားလောက်ကို သိရှိနားလည်ပြီဆို‌ပါက မိမိသည် မည်သည့်အစိုးရဘက်တွင် ရပ်တည်မည်ဆိုသည့် အဖြေကိုလည်း အလိုလိုသိမြင်နိုင်ပါသည်။

၂။ မိမိ၏ ရပ်တည်မှုသာ အဓိက တရားခံအစစ်
ပလက်ဝချင်းပြည်သူတချို့သည် CNA/F ကို အပြစ်တင်ကြသည်။ ခူမီးလူကြီးများကို အပြစ်ပုံကြသည်။ ထိုစွပ်စွဲပြစ်တင်ပြောဆိုခြင်းသည် ပြဿနာ၏ အဓိကအရင်းအမြစ်မဟုတ်သလို အဖြေလည်းမဟုတ်ပေ။ အရေးပေါ် နိုင်ငံရေးအခြေအနေတွင် မိမိ၏ ရပ်တည်မှုသည်သာ အဓိကတရားခံအစစ် (ပြဿနာ၏အဓိကအရင်းအမြစ်) ဖြစ်သည်။
ပလက်ဝပြည်သူများအတွက် အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ပေးနေသည့် ULA နှင့် PC(ပလက်ဝကောင်စီ)ဆိုသည့် အစိုးရနှစ်ရပ်ရှိသည့်အနက် အစိုးရတစ်ရပ်ရပ်ကို ရွေးချယ်ပြီး ရပ်တည်ပေးခြင်းသည် ပလက်ဝကို မည်သည့်အစိုးရထံ လွှဲပြောင်းပေးအပ်ပါသည်ဆိုသည့် အဖြေဖြစ်သည်။
ယခုကဲ့သို့ အရေးကြီးသည့် အရေးပေါ်နိုင်ငံရေးအခြေအနေမျိုးတွင် ကြားနေပြည်သူဟူ၍မရှိပေ။ ဤမျှဆိုလျင် မိမိသည် မည်သည့်အစိုးရဘက်တွင် ရှိနေပါသည်ဆိုသည့်အဖြေကို သိလောက်ပြီဟု ထင်ပါသည်။
လက်ရှိ ပလက်ဝကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် ကျေးရွာပေါင်း ၁၀၀ခန့် ရှိသည်ဟု သိရသည်။ ကျန်ကျေးရွာများမှာ ULA၊ CDF-Daai နှင့် MATC ၏ အုပ်ချုပ်မှုအောက်တွင်ရှိပြီး မည်သည့်အုပ်ချုပ်‌ရေးမျှ လက်လှမ်းမမီသည့် ကျေးရွာအချို့လည်း ရှိနေပါသေးသည်။

၃။ အဓိကဇာတ်ကောင်မှာ ဒေသန္တရအရစိုးရသာဖြစ်
ချင်းလဲန်းကောင်စီ၏မူဝါဒထဲတွင် ဒေသန္တရအစိုးရကို အခြေခံထားသည်ဖြစ်ရာ ဒေသန္တရအစိုးရ အားကောင်းမှသာ ချင်းလဲန်းအစိုးရအားကောင်းမည် ဖြစ်သည်။ အုပ်ချုပ်ရေး၏ သဘောသဘာအရ ချင်းလဲန်းကောင်စီသည် ပလက်ဝအုပ်ချုပ်ရေးကို တိုက်ရိုက်ဖော်ဆောင်ခွင့် မရှိပေ။ အကြောင်းမှာ ချင်းလဲန်းကောင်စီသည် ချင်းလဲန်းဖွဲ့စည်း‌ပုံတွင် ချင်းလဲန်း၏ ဒေသန္တရအဆင့်နှင့်သက်ဆိုင်သည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တရားဥပဒေပြုရေး… စသည့် အာဏာသုံးရပ်ကို ဒေသန္တရအစိုးရထံ အပြည့်အဝပေးအပ်နှင်းထားပြီးသား ဖြစ်သည်။
ချင်းလဲန်းကောင်စီသည် ဒေသန္တရအစိုးရနှင့်ဆိုင်သည့် ဥပဒေတချို့ကိုသာ ပြုခွင့်ရှိသည်။ ဆိုလိုသည်မှာ ချင်းလဲန်းအနာဂတ်တောက်ပရေး၏ အဓိကဇာတ်ကောင်သည် ဒေသန္တရအစိုးရပင် ဖြစ်သည်။
အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်မှသာ တော်လှန်ရေးအောင်မြင်ပြီဟု ဆိုနိုင်ပါမည်။ အကြောင်းမှာ တော်လှန်ရေးတွင် အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်မှုသည် အဓိကဖြစ်သကဲ့သို့ တော်လှန်ရေးသည် အုပ်ချုပ်ရေးအတွက် တော်လှန်နေခြင်းဖြစ်သည်။ ထို့ကြောင့် အုပ်ချုပ်ရေး အလျင်အမြန်အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်သည်။

၄။ CC, CNA/F
ဒေသန္တရအစိုးရ အင်အားကောင်းရန်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDFs အင်အားကောင်းရန် CC, CNA/F တို့၏ ကူညီဖေးမမှု အထူးလိုအပ်သကဲ့သို့ အင်အားကောင်း‌အောင် တည်ဆောက်ပေးဖို့ရန် တာဝန်လည်းအပြည့်ရှိသည်။ ဒေသန္တရအင်အားကောင်းလျင် ချင်းလဲန်းကောင်စီ အလိုလိုအင်အားကောင်းမည်ဖြစ်သကဲ့သို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ အင်အားကောင်းလျင် ချင်းအမျိုးသားတပ်မတော် တစ်နည်း ချင်းလဲန်းကာကွယ်ရေးတပ်မတော် အလိုလိုအားကောင်းပြီးသား ဖြစ်လိမ့်မည်။ မိမိ၏တပ်ပေါင်းစုကို အင်အားကောင်းအောင် တည်ဆောက်ပေးခြင်းသည် မိမိကိုယ်ကိုယ် အင်အားတည်ဆောက်ခြင်း တစ်မျိုးပင်ဖြစ်သည်။

Aimin

Leave a Reply

Your email address will not be published. Required fields are marked *