အာဏာရှင်တော်လှန်ရေးနဲ့ ဌာနေတိုင်းရင်းသား လူနည်းစုအခွင့်အရေး
“တောတောင်ထဲမှာ အလုပ်လုပ်ဖို့သွားကြတဲ့သူတွေကို အေအေတွေက တွေ့တဲ့နေရာမှာပဲ အတင်းအဓမ္မ ဖမ်းခေါ်သွားကြတာကို ကြားနေရတယ်။ ရွားသားတွေကို သူတို့စည်းကမ်းထုတ်တာတွေ မလိုက်နာနိုင်ဘူးဆိုရင် ဟိုဘက်နိုင်ငံ(ဘင်္ဂလားဒေရှ်နိုင်ငံ)ဘက်ကို သွားကြလို့ နှင်ထုတ်တယ်။ ဒီအကြောင်းတွေကို ဘယ်သူမှမသိဘူး။ ၂၀၂၄ နှစ်ကုန်ပိုင်းကဖြစ်ခဲ့တာတွေကို ခုမှပြန်ပြောရတာဆိုတော့ တခြားသူတွေလည်း သိအောင်အတွက် ခုလိုပြောရတာဖြစ်တယ်။ သူတို့ကို ကြောက်နေကြလို့သာ အဲ့တုန်းကမပြောရဲကြဘူး…” လို့ အသက် ၄၀ အရွယ် မောင်တောဒေသခံ မြိုလူမျိုးအမျိုးသားတစ်ဦးက ဖုန်းကနေပြောနေတာပါ။
ရခိုင်ပြည် မောင်တောနဲ့ ဘူးသီတောင်နယ်တွေမှာရှိတဲ့ သစ်တုံးနားခွဆုံကျေးရွာ၊ ကိုင်းကြီးကျေးရွာ၊ နန်းရာကိုင်း ကျေးရွာ၊ ဘောင်ရွာ၊ လေးမြိုးကေဒီကျေးရွာ၊ ခွဆုံကျေးရွာနဲ့ ရွှေထိုင်ကျေးရွာတွေက ဒေသခံပြည်သူတွေ ဖြစ်ကြ တဲ့ မြိုလူမျိုး ၁၀၀ ဝန်းကျင်ကို အာရက္ခတပ်တော် ULA/AA က တပ်တော်အတွင်း ပြည်သူ့စစ်၊ စစ်မှုထမ်းဖို့ အတွက် ညသန်းခေါင်ယံအချိန်တွေမှာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်ဆိုပြီး ဇန်နဝါရီလလည်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြန်နှံ့လာပြီးတဲ့နောက် ဆက်သွယ်မေးမြန်းရာက အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးရဲ့ ကြီးမားတဲ့အလှည့်အပြောင်းတစ်ခုဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက စတင်ခဲ့ပါတယ်။ စစ် အာဏာရှင်စနစ်မလိုလားတဲ့ ဂျင်နရေးရှင်းဇက်လူငယ်တွေက တော်လှန်ပုန်ကန်မှုကို အလုံးအရင်းနဲ့ စတင်လာခဲ့ တဲ့နောက်မှာ ရှိရင်းစွဲတိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍကလည်း မဖြစ်မနေအရေးပါလာခဲ့ပါတယ်။ အဲဒီတိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ သက်တမ်းရင့် ကေအင်န်ယူ၊ ကေအိုင်အေ တွေလို သက် တမ်းနုနယ်သေးပေမယ့် ၂၀၁၅ ခုနှစ်ကနေ အင်အားအရှိန်အဟုန်နဲ့ အားကောင်းလာတဲ့ ရခိုင်တိုင်းရင်းသားလက် နက်ကိုင် ယူအယ်လ်အေ/ အေအေလည်း ပါဝင်လာခဲ့ပါတယ်။
“ရခိုင်ပြည်မှာရှိတဲ့ မြိုလူမျိုးတွေကို အာရက္ခတပ်တော် ULA/AA က တပ်တော်အတွင်း ပြည်သူ့စစ်အဖြစ် တာဝန် ထမ်းဆောင်ဖို့ဆိုပြီး ၂၀၁၇-၂၀၁၈ ခုနှစ်ကတည်းက တစ်ရွာကို ငါးဦးစီခေါ်တာတွေရှိတယ်။ ပြောတုန်းကတော့ ကိုယ့်ရွာကိုကိုယ် ကာကွယ်ရမယ်လို့ ပြောဆိုစည်းရုံးပြီး စစ်သင်တန်းတက်ခိုင်းတာပေါ့။ ဒါပေမယ့် တကယ် တာဝန်ထမ်းဆောင်တဲ့အခါ ရှေ့တန်းစစ်မြေပြင်တွေသွားရတာရှိတယ်။ ဆိုတော့ အရင်က တက်တက်ကြွကြွပါဝင် လာခဲ့ပေကြမယ့် နောက်ပိုင်းမပါချင်တော့ဘူးပေါ့…” လို့ ဒေသမြိုလူမျိုးအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
ULA/AA ဟာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့တာနဲ့အတူ နိုင်ငံအနှံ့ စစ်အင်အားဖြန့်ကျတ်ထားတာ၊ ရခိုင်ဒေသတွင်း မြို့သိမ်းတိုက်ပွဲတွေကို အင်အားသုံးဆင်နွဲရတာအပြင် သူတို့အ တွက် စစ်ရေးမဟာဗျူဟာ ထွက်ပေါက်တစ်ခုဖြစ်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ အခိုင်အမာတပ်စခန်းတွေကို အင်အားသုံးတိုက်ခိုက်ရတာကြောင့် စစ်သည်အင်အားလိုအပ်ချက် မြင့်မားစွာရှိနေ ကြောင်း ဒေသတွင်းစစ်ဘက်ရေးရာလေ့လာသုံးသပ်သူ ချင်းအမျိုးသားတစ်ဦးက ပြောပါတယ်။
ယူအယ်လ်အေ/အေအေဟာ စစ်ရေးမဟာဗျူဟာကျွမ်းကျင်လိမ္မာမှုနဲ့ စစ်သည်တွေရဲ့ တိုက်စွမ်းရည်ကြောင့် ရခိုင် ဒေသတွင်း တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ပြနိုင်သည့်အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ မဆုတ်တမ်း ခံစစ်စခန်းတွေအပါအဝင် စစ်ကောင်စီရဲ့သက်တမ်းရင့် စစ်တိုင်းဌာနချုပ်တစ်ခုဖြစ်တဲ့ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်တဲ့သတင်းက တော်လှန်ရေးအင်အားစုတွေကြား အားတက်စရာ၊ အားကျအတုယူစရာ ဖြစ်နေခဲ့ပြီး စစ်မြေပြင်မှာ ကွပ်ကဲနေကြတဲ့ တပ်မှုးတွေနဲ့ မြေပြင်တိုက်ပွဲဝင် နေတဲ့ တပ်သားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖုံးလွှမ်းသွားနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
“မြိုလူငယ်တွေက အစပိုင်းမှာ အေအေတပ်ထဲ ပြည်သူ့စစ်အနေနဲ့ ခြောက်လ၊ တစ်နှစ်လုပ်ရမယ်ဆိုပြီး နားလည် ထားတာ၊ စစ်သင်တန်းလည်းပြီးရော သူတို့ရွာနဲ့ဝေးရာ ရှေ့တန်းစစ်မြေပြင်တွေမှာ၊ နယ်နိမိတ်မိုင်တိုင်ရှိတဲ့ ရှေ့ တန်းစခန်းတွေမှာ သွားရတော့ အေအေအပေါ်၊ ရခိုင်တွေအပေါ် တော်တော်စိတ်ပျက်သွားပုံပါပဲ။ သူတို့က လူနည်း စုပေမယ့် ရိုးသားတယ်၊ ကတိတည်တာကြိုက်တယ်။ အေးအေးလူလူနေချင်ကြတယ်၊ နိုင်ငံရေးအရှုပ်အရှင်းတွေ သိပ်နားမလည်သလို စိတ်လည်းမဝင်စားကြဘူး…” လို့ မြိုလူမျိုးရေးဆောင်ရွက်နေသူ တစ်ဦးကပြောဆိုပါတယ်။
ULA/AA တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃၊ ၂၄၊ ၂၅၊ ၂၆ ရက်တွေမှာ ဌာနေတိုင်းရင်းသား မြိုလူမျိုးတွေနေထိုင်တဲ့ သစ်တုံးနားခွဆုံ၊ ကိုင်းကြီး၊ နန်းရာကိုင်း၊ ဘောင်၊ လေးမြိုးကေဒီ၊ ခွဆုံနဲ့ ရွှေထိုင်ကျေးရွာ တွေမှာ ညသန်းခေါင်းယံ ၁၂ နာရီ ဝန်းကျင် တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်နဲ့ ရွာပတ်ပတ်လည် ဝိုင်းပတ်ပိတ်ဆို့ပြီး မြိုလူမျိုး ၁၀၀ နီးပါးကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတဲ့သတင်းက တစ်လနီးပါးအကြာမှ လူမှုကွန် ရက်စာမျက်နှာပေါ် ရောက်လာနိုင်ခဲ့ပါတယ်။ အဲဒီလိုမျိုးဖြစ်စဉ်တွေ မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနိုင်သလို ရခိုင်ဒေသအတွင်းမှာလည်း များစွာဖြစ်ပွားနိုင်ပြီး လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ လက်လှမ်း မမီနိုင်ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
မြိုလူမျိုးတွေဟာ ရခိုင်ပြည်လို့ ဖြစ်လာမယ့် ရခိုင့်မြေပေါ်ကို အစောဆုံး ဝင်ရောက်လာခဲ့ကြတဲ့ လူမျိုးတွေထဲက တစ်မျိုးဖြစ်ပြီး သက္ကရာဇ် ၁၃၁ ကနေ ၁၅၆ ထိ ရခိုင်ပြည်ကို မြိုမင်းနှစ်ဆက် အုပ်ချုပ်ခဲ့ဖူးပေမယ့် ခုအချိန်မှာ ရခိုင်ပြည်အတွင်း လူဦးရေ တစ်သောင်းခန့်သာရှိတော့ကြောင်း၊ ဒီလိုနည်းပါးလှတဲ့ လူဦးရေကလည်း တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း နေထိုင်ကြတာမဟုတ်ဘဲ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာ ပြန့်ကျဲနေထိုင်ကြပြီးတော့ တောင်ယာလယ်လုပ်၊ ထင်းခွေဝါးခုတ်၊ အမဲလိုက်မုဆိုးအလုပ်နဲ့ အသက်မွေးကြသူတွေမို့ မြို့ပြနဲ့လှမ်းရာ ဝေးလံခေါင်းပါးတဲ့ တောတောင်ဒေသတွေမှာသာ နေထိုင်ကြတာ ဖြစ်ကြောင်း ဒေသတွင်းလူမှုရေးဆောင်ရွက်နေသူ ကိုထင်ဇော်က ပြောပါတယ်။
“အေအေတွေက ညသန်းခေါင်ချိန်ဆိုရင် လိုက်ပြီးဖမ်းကြတော့ မဖမ်းဆီးဖို့ကို ငိုယိုပြီးတောင်းပန် ပြောဆိုပေမယ့်မရဘူး၊ ဖမ်းခေါ်သွားကြတယ်။ ဒီလိုတောင်းပန်ပြောတာကိုလည်း တွန်းထိုးပြီးရိုက်တယ်၊ သေနတ် တွေနဲ့ချိန်ပြီး ခြိမ်းခြောက်တယ်။ အဲဒီတုန်းက အဖမ်းမခံရတဲ့လူတွေဆို ကြောက်ပြီးတော့ တောထဲကို ထွက်ပြေး သွားကြတာ အခုထိ ရွာကိုပြန်မရောက်လာကြတဲ့သူတွေရှိတယ်…” ဟု အသက် ၄၀ အရွယ် မောင်တောဒေသခံ မြိုလူမျိုးအမျိုးသားတစ်ဦးက ဖုန်းကနေပြောပါတယ်။
ယခင်က မြိုလူငယ်တွေဟာ သူတို့ရဲ့ပင်ကိုယ်စိတ်နဲ့ အေအေတပ်တော်ထဲ ဝင်တာတွေ ပူးပေါင်းတာတွေ အများအပြားရှိနေခဲ့ပြီး ရခိုင်ပြည်အတွင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်အပါအဝင် ချင်းပြည်က ပလက်ဝ၊ မတူပီ၊ မင်းတပ်တွေမှာလည်း အေအေတပ်ဖွဲ့ဝင် မြိုလူမျိုးတွေ ရှိကြောင်း၊ မောင်တောမြို့သိမ်းတိုက်ပွဲမှာလည်း မြိုလူငယ်တွေ အသက်ပေးကျဆုံးတာတွေ ရှိကြောင်း၊ မြိုရွာတွေနဲ့နီးတဲ့ အေအေတပ်စန်းက တပ်ဖွဲ့ဝင်တွေကို ထမင်းချက်ပြီးပို့ပေးရတာတွေရှိပေမယ့် သူတို့အနေနဲ့ သူတို့ လုပ်ပေးရမယ့်တာဝန်ပဲလို့ ခံယူကြကြောင်း သိရပါတယ်။
“ရခိုင်လူမျိုးတွေက လူမျိုးကြီးစိတ်ရှိတယ်။ ရခိုင်ပြည်အတွင်းမှာရှိတဲ့ အခြားသော လူမျိုးနွယ်စုတွေအပေါ်မှာ နဂိုကတည်းက ခွဲခြားဆက်ဆံလိုတဲ့စိတ်ရှိတယ်။ ရခိုင်မြေထဲမှာ အရင်ကတည်းက နှစ်ပေါင်းများစွာ အတူနေလာခဲ့ကြတာဆိုပေမယ့် သီးခြားစီ ခပ်ကင်းကင်းနေကြတာ များတယ်။ ဒါကြောင့် တော်လှန်ရေး ဖော်ဆောင်တဲ့ အပိုင်းမှာလည်း ရခိုင်ပြည်အတွင်းမှာရှိတဲ့ မြို၊ သက်၊ ခမီ၊ မရမာကြီး၊ ဆက္ကမ၊ ကမန်အပြင် မူဆလင်၊ ဟိန္ဒူနဲ့ ချင်းလူမျိုးစုတွေဟာလည်း တော်လှန်ရေးခရီးထဲ ပူးပေါင်းမှုအပိုင်းမှာ ထင်သလောက် အားမကောင်းဘူးပေါ့…” လို့ ကိုထင်ဇော်က ပြောပါတယ်။
အေအေတပ်ဖွဲ့မှာ စစ်မှုထမ်းဖို့ တစ်အိမ်တစ်ယောက်နှုန်း ဆင့်ခေါ်တာတွေလုပ်တော့ မြိုလူမျိုးတွေက တစ်အိမ်တစ်ယောက်နှုန်း မဖြစ်နိုင်ကြောင်းနဲ့ စိတ်ဆန္ဒရှိသူတွေကိုသာခေါ်ယူဖို့နဲ့ သားသမီးနဲ့ သက်ကြီးရွယ်အိုတွေကို လုပ်ကျွေးနေရတဲ့ အိမ်ထောင်ဦးစီးတွေကို မခေါ်ယူဖို့ တောင်းဆိုတာတွေရှိခဲ့ပေမယ့် အေအေအရာရှိတစ်ဦးက “မင်းတို့ကို ကောင်းကောင်းခေါ်လို့မရရင် ရတဲ့နည်းနဲ့ ခေါ်ရမှာပဲ…”လ ို့ ကြိမ်းမောင်းမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
“နိုင်ငံရဲ့အခြေအနေက ထိန်းမနိုင်သိမ်းမရ ကမောက်ကမ ဖြစ်နေတဲ့ အနေအထားဆိုတော့ လူ့အခွင့်အရေးတွေ၊ ဌာနေလူနည်းစုအခွင့်အရေးတွေဆိုတာ မှတ်တမ်းမှတ်ရာသဘောလောက်သာသာပဲ ဖြစ်နေတာ မဆန်းပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သိထားရမှာ ယခုတော်လှန်ရေးကာလမှာ ဖြစ်ပျက်ခဲ့တာတွေ၊ ကျူးလွန်ခဲ့တာတွေ အကုန်လုံး၊ ဘယ်အဖွဲ့ကပဲ ကျူးလွန်ခဲ့ကျူးခဲ့ တစ်ချိန်မှာ တရားဥပဒေအတိုင်း စီရင်ခံရမယ်ဆိုတာ မမေ့စေချင်ဘူး…” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
စစ်ရေးပဋိပက္ခကာလမှာ မြေဇာပင်ဖြစ်ရတာက ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ လူနည်းစုလူမျိုးတွေပဲဆိုတာ ခေတ်အဆက်ဆက်ကြုံရတဲ့ ဖြေရှင်းရခက်တဲ့ပြဿနာဖြစ်ကြောင်း၊ ရခိုင်ပြည်တင် မကပဲ နိုင်ငံအနှံ့ ဖြစ်ပွားနေတာဖြစ်ကြောင်း၊ ဒါပေမယ့် အဖွဲ့အစည်းဦးဆောင်သူတွေအနေနဲ့ ယခုလိုကျူးလွန်မှုတွေ နည်းပါးနိုင်သမျှနည်းပါးအောင် ဆောင်ရွက်သင့်ကြောင်း သူကဆက်ပြောပါတယ်။
“ကျွန်တော်က ရခိုင်လူမျိုးတစ်ယောက်ပါ။ မတရားမှုဆို မကြိုက်ဘူး။ တရားမျှတမှုနဲ့ အမှန်တရားပဲ လိုတယ်။ မြိုတွေဘက်က ရပ်တည်ပြီးပြောချင်တာကတော့ နဂိုကတည်းက ခွဲခြားဆက်ဆံမှုတွေ၊ အနိုင်ကျင့်မှုတွေကို ရခိုင်တွေက လုပ်နေတာတွေရှိလို့ပဲ။ ဒီလိုလုပ်နေအုံးမယ်ဆိုရင် ရခိုင်ပြည်အတွင်းမှာရှိတဲ့ ဘယ်လူမျိုးမဆို လက် နက်အားကိုးလာမှာပဲဗျ။ လက်နက်ကိုင်ပြီး တော်လှန်တော့မှာပဲ။ ဒါဆို ရခိုင်ပြည်အတွင်းမှာပဲ မြိုလက်နက်ကိုင် အဖွဲ့တို့ သက်လက်နက်ကိုင်အဖွဲ့တို့ ခမီလက်နက်ကိုင်အဖွဲ့တို့ ဆိုပြီးတော့ လက်နက်ကိုင်အဖွဲ့တွေ အသီးသီး ပေါ်လာတော့မှာ။ ဒါဆို ဒီပြည်နယ် ဘယ်တော့မှ အေးချမ်းတော့မှာ မဟုတ်တော့ဘူး။ ကျွန်တော်ကတော့ ဒီလို မဖြစ်စေချင်တဲ့အတွက်မို့လို့ အမုန်းခံပြီး ပြောရတာပါ…” လို့ ဘယ်အာဏာရှင်ကိုမှမလိုလားတဲ့ ကိုထင်ဇော်က ပြောပါတယ်။
JAMRS ROE