ချင်းကာကွယ်ရေးတပ်(အရှို) က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးနှင့် လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးရရှိ
ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်းတွင် ချင်းကာကွယ်ရေးတပ်(အရှို) က အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးနှင့် လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးရရှိကြောင်း ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကြေညာချက်အမှတ် ၃/၂၀၂၅ ဖြင့် ထုတ်ပြန်ထားသည်ကို သိရသည်။
ချင်းကာကွယ်ရေးတပ်(အရှို) က အကြမ်းဖက် စစ်ကောင်စီတပ် ဆုတ်ခွာရာလမ်းကြောင်းတွင် ပိတ်ဆို့တားဆီးတိုက်ခိုက်ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၇ရက်နေ့မှ ၂၅ရက်နေ့အတွင်း စစ်သုံ့ပန်း ၁၇ ဦးနှင့်အတူ MA-1 ငါးလက်၊ MA-2 တစ်လက်၊ MA-4 တစ်လက်၊ MA-15 တစ်လက်အပြင် ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍လည်း အမ်း – ပဒါန်းလမ်းရှိစစ်ကောင်စီ ဆုတ်ခွာရာလမ်းနှင့် စစ်ကြောင်းများကို CDF – Asho က ပိတ်ဆို့တားဆီးတိုက်ခိုက်လျှက်ရှိကြောင်း ချင်းကာကွယ်ရေးတပ်(အရှို) တာဝန်ရှိသူများထံမှ သိရသည်။
သတင်း – James Roe