အိန္ဒိယ-မြန်မာ နယ်စပ်အရေး မီဇိုးကျောင်းသားသမဂ္ဂ MZP နှင့် မီဇိုရမ်အုပ်ချုပ်ရေးမှူး တို့ တွေ့ဆုံဆွေးနွေး
ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၂၅။
အိန္ဒိယ-မြန်မာ နယ်စပ် အဝင်/ အထွက် ကန့်သတ်မှုနှင့်ပတ်သက်၍ မီဇိုးကျောင်းသားသမဂ္ဂ MZP ခေါင်းဆောင်များသည် မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး (Governor) ထံ ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီတွင် သွားရောက်ကာ တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး General (Dr) Vijay Kumar Singh ကို အိုင်ဇောလ်မြို့ Raj Bhavan ရှိ သူ၏အိမ်ယာတွင် MZP မှ သွားရောက်တွေ့ဆုံ ဆွေးနွေးရာတွင် အိန္ဒိယဗဟိုအစိုးရ၏ Free Movement Regime (FMR) ဖျက်သိမ်းမှုနှင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုးခတ်မည့် Border Fencing အစီအစဉ်အပေါ် သဘောထားများကို တင်ပြခဲ့ကြသည်ဟု မီဇိုးကျောင်းသားသမဂ္ဂ MZP က ထုတ်ပြန်သည်။
“နယ်နိမိတ်တွေ ပိုင်းခြားမှုကြောင့် ဆင်းသက်လာရာ မျိုးနွယ်စုတူညီတဲ့ လူမျိုးတူ ညီအကိုအရင်းတွေ တစ်လုံးတစ်ဝတည်း ပြန်လည်ပေါင်းစည်းရေး ရှေ့ရှုပြီး ကြိုးပမ်းနေတဲ့ကာလမှာ လွတ်လပ်စွာ နယ်စပ် ဝင်/ထွက် သွားလာခွင့် ကန့်သတ်ခံရတဲ့အပြင် နယ်စပ်ခြံစည်းရိုးခတ်ဖို့ အစီစဉ်ကို လက်ခံလို့မရဘူး…” ဟု MZP ၏ ထုတ်ပြန်ချက်ကို Tahan Post မီဒီယာမှ ဇန်နဝါရီလ ၂၇ ရက်တွင် ဖော်ပြထားသည်ကို သိရသည်။
မီဇိုရမ်အုပ်ချုပ်ရေးမှူးအနေဖြင့် တတ်နိုင်သည့်ဖက်မှ ကူညီဖြေရှင်းပေးရန်နှင့် အိန္ဒိယပြည်ထဲရေးဝန်ကြီးထံ ပေးပို့မည့် နယ်စပ်အရေးနှင့်ပတ်သက်သည့် MZP ၏ သဘောထား အိပ်ဖွင့်ပေးစာကိုလည်း အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ပြီး နှစ်ပေါင်း ၄၀ ခန့်ကျင့်သုံးလာခဲ့သည့် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ကို ဖျက်သိမ်းလိုက်ပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ နှစ်နိုင်ငံ ဝင်/ထွက်သွားလာခွင့်ကိုလည်း ကန့်သတ်တင်းကြပ်ထားသည့်အတွက် Zo Reunification Organization (ZORO) ကလည်း လာမည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အိန္ဒိယဗဟိုအစိုးရ၏ အမိန့်ထုတ်ပြန်ချက် မိတ္တူစာရွက်ကို မီးရှိုဖျက်ဆီးကြမည်ဖြစ်ကြောင်း သိရသည်။
သတင်း – James Roe