CNDF နှင့် BPLA တို့ စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ရန် ပြင်ဆင်နေ

CNDF နှင့် BPLA တို့ စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ရန် ပြင်ဆင်နေ

ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၂၅။

ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF နှင့် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် BPLA တို့သည် စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ရန် ပြင်ဆင်နေကြောင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ ပြုလုပ်သည့်

ချင်းညီနောင် စစ်ဆင်ရေးအတွက် အရေးပေါ် ရန်ပုံငွေ ရှာဖွေခြင်းပွဲတွင် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခက ပြောသည်။

“ကျနော်တို့ CNDF နဲ့လည်း စကားတွေ အများကြီး ပြောထားတာ ရှိတယ်။ အတူတကွ တိုက်ပွဲဝင်ဖို့လည်း ပြင်ဆင်နေတာတွေ ရှိပါတယ်။ အဓိကကတော့ ကျနော်တို့ BPLA အနေနဲ့က ဗမာတွေဟာ ဗမာတွေနေရာမှာပဲ တိုက်ရမယ်ဆိုတဲ့ အယူအဆကို မထားဘူး။ အထူးသဖြင့် ဘယ်နေရာမှာပဲ တိုက်ရ၊ တိုက်ရ ကိုယ်တိုက်ရတဲ့ ဟာက စစ်အုပ်စုဖြစ်ဖို့ဆိုတာ ကျိန်သေဖို့ပဲ လိုပါတယ်။ ဘာလို့လဲဆိုရင် ကိုယ်တနေရာထဲ လွတ်မြောက်နေလို့လည်း တိုင်းပြည်ရဲ့ လွတ်မြောက်မှု အစစ်အမှန်ကို မရနိုင်ဘူးလို့ မြင်တယ်။ စစ်အုပ်စု အမြစ်ပြတ်ရေးသာ အဓိက ကိုင်ထားတယ်…” ဟု ကိုဆောင်းခက ပြောသည်။

ချင်းပြည်နယ်နှင့် အညာဒေသတခွင်တွင် စစ်ရေးပြင်ဆင်နေမှုများ ရှိနေကာ ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအရ ပိုမိုအာရုံစိုက်ရန် လိုအပ်ကြောင်းနှင့် BPLA နှင့် ချင်းညီနောင်အဖွဲ့တို့သည့် အတူတကွပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်သွားမည့်အပြင် ရေရှည်တွင် ညီညွတ်ရေး၊ သဟဇာတဖြစ်ရေးအတွက် လုပ်ဆောင်သွားမည် ဟု ကိုဆောင်းခက ပြောသည်။

BPLA သည် ကရင်ပြည်နယ်တွင် စတင်အခြေစိုက်ကာ ရှမ်းမြောက်ပိုင်းနှင့် အညာဒေသ(စစ်ကိုင်းနှင့် မကွေး) တို့တွင် စစ်ဒေသထားရှိကာ စစ်ဒေသ သုံးခုနှင့် BPLA တပ်ကို စစ်ရေးလှုပ်ရှားဆောင်ရွက်နေပြီး လက်ရှိ အညာစစ်ဒေသတွင် စစ်သင်တန်းများ ပို့ချနေကာ သင်တန်းများပြီးစီးလျှင် တိုက်ပွဲဝင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

CNDF နှင့် ချင်းညီနောင်ပူးပေါင်းတပ်များသည် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချစခန်းအားလုံးကို သိမ်းထားပြီး မြို့ပေါ်ကို ထိန်းချုပ်ထားကာ လက်ရှိတွင် ခလရ – ၂၆၈ တပ်ကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းဖြင့် တိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *