မင်းတပ်မြို့နယ် ဆာဒူးကျေးရွာတွင် CDF – မင်းတပ် မှ ရွာ အဝင်/ အထွက် ပိတ်ပင်ထား

မင်းတပ်မြို့နယ် ဆာဒူးကျေးရွာတွင် CDF – မင်းတပ် မှ ရွာ အဝင်/ အထွက် ပိတ်ပင်ထား

ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂၅။

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၁၁၊ ဆာဒူးကျေးရွာ တွင် CDF – မင်းတပ် တပ်ဖွဲ့ဝင်အင်အား ၅၀ ခန့် က စစ်သားစုဆောင်းရန်အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်ကာ ရွာသားများအား ရွာကိုအဝင်/အထွက် ပြုလုပ်၍ မရရှိအောင် ရွာလမ်းများကို ယနေ့အထိ ပိတ်ဆို့ ချိတ်ပိတ်ထားကြောင်း ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အသက် ၃၅နှစ် အရွယ် မင်းတပ်မြို့ဒေသခံတစ်ဦးထံမှ သိရသည်။

“ဒီရွာမှာရှိတဲ့ လူငယ်တွေဟာ လက်ရှိ CDF – မင်းတပ် တပ်ဖွဲ့ထဲမှာ တာဝန်ဆောင်တာ မရှိသေးဘူး။ ကျေးရွာလူထုထဲက တာဝန်ထမ်းဆောင်ဖို့ လူမပေးမချင်း ရွာအဝင်၊ အထွက် မလုပ်နိုင်အောင် ဆက်လက်ချိတ်ပိတ်ထားမယ်…” ဟု ဇန်နဝါရီလ ၂၅ ရက်နေ့တွင် CDF – မင်းတပ် ရဲဘော်တစ်ဦးက ဆာဒူးကျေးရွာလူထုကို ပြောသည်။

ဆာဒူးကျေးရွာရှိ ရွာသူ၊ ရွာသားများသည် CDF – မင်းတပ် တပ်ဖွဲ့ထဲတွင် တာဝန်ထမ်းဆောင်ခြင်း မရှိသော်လည်း မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ထောက်ပို့ရဲဘော်များအဖြစ် စေလွှတ်ကာပူးပေါင်းပါဝင်ပေးခြင်းနှင့် အခြား ထောက်ပို့ရေးလမ်းကြောင်းဖြင့် ပါဝင်ကူညီပေးခဲ့ပြီး CNA/CNF ထဲတွင် တာဝန်ထမ်းဆောင်နေသူများလည်းရှိနေကာ ရွာတွင် လူငယ်အင်အားနည်းပါးနေခြင်းကြောင့် CDF – မင်းတပ် တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် စေလွှတ်မည့် လူငယ်မရှိတော့ကြောင်း အသက် ၄၀အရွယ် မင်းတပ်ပြည်သူတစ်ဦးထံမှ သိရသည်။

“မင်းတို့ဆီက လူလည်းမလိုတော့ဘူး။ ငါတို့မှာလူလည်းရှိတယ်။ လက်နက်အင်အားလည်းရှိတယ်။ မင်းတို့ရွာကို ပိတ်ချင်လို့ပိတ်တာ…“ ဟု ဇန်နဝါရီလ ၂၈ ရက်နေ့တွင် CDF – မင်းတပ် ရဲဘော်တစ်ဦးက နောက်ထပ်ပြောဆိုလာသည်ကို ဒေသခံတစ်ဦးထံမှ ထပ်မံ၍ သိရသည်။

ဆာဒူးကျေးရွာရှိ ပြည်သူလူထုသည် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအား CDF – မင်းတပ် တပ်ဖွဲ့ထံသို့ နှစ်ဖက်အဆင်ပြေစေရန်အတွက် ဆွေးနွေးတိုင်ပင်ကာ အကောင်းဆုံးဖြေရှင်းပေးရန် တောင်းဆိုထားသော်လည်း CDF – မင်းတပ် ဘက်က လက်မခံသည့်အပြင် ရွာသားများကို ချင်းရိုးရာ တူမီးလက်နက်၊ ဓါးနှင့် ပလိုင်း တို့ကို လုံးဝကိုင်ဆောင်ခွင့် မပြုလုပ်ရန်လည်း ထပ်မံပိတ်ပင်တားဆီးလာသည်အထိ လက်ရှိတွင် အခြေအနေ တင်းမာနေကြောင်း ဒေသခံတစ်ဦးထံမှ ကြားသိရသည်။

မင်းတပ်မြို့နယ်သည် စစ်ကောင်စီ ကင်းစင်ပြီးနယ်မြေဖြစ်သော်လည်း CDF – မင်းတပ် တပ်ဖွဲ့မှ ဆာဒူးကျေးရွာရှိ ပြည်သူများကို ယခုကဲ့သို့ အာဏာရှင်ဆန်ဆန် ပြုမူဆက်ဆံနေခြင်းသည် အချင်းချင်းကြား လူမျိုးရေးပြဿနာများ ကြီးထွားလာနိုင်ပြီး ရွာသားများ၏ ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက်လည်း စိုးရိမ်ပူပန်စရာ ရှိနေသည်။

ဆာဒူးကျေးရွာသည် ဖုန်းလိုင်းအဆက်အသွယ် မရရှိသည့်အပြင် ရွာသားများသည်လည်း ရွာအပြင်ဘက်သို့ မထွက်ရန် တားဆီးပိတ်ပင်ခံထားရသောကြောင့် လက်ရှိတွင် ပြင်ပနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *