တမူးမြို့အနီး စစ်ကောင်စီပူးပေါင်းတပ်များကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်
ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ တမူးမြို့အနီးတွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်၊ ကသည်းတပ် (PLA)၊ နာဂလက်နက်ကိုင်တပ် (NSCN-IM) ပူးပေါင်းတပ်များ ဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
တမူးမြို့အနီးရှိ ကျွန်းပင်သာနှင့် မင်းသာရွာတို့တွင် စစ်ကောင်စီတပ် ခလရ – ၂၂၈ တပ်၊ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-IM) တပ်ဖွဲ့၊ ကသည်းတပ်ဖွဲ့ (PLA) တို့ ပူးပေါင်းတပ်စွဲထားသည့် စခန်းများကို စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဒေသအခြေစိုက် ခရိုင်ပူးပေါင်းတပ်များနှင့် ကူကီးအမျိုးသားတပ်မတော် KNA(B) များက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး နှစ်ဘက်ကျဆုံးမှုများ ရှိနေကာ အတိအကျထုတ်ပြန်၍ မရသေးကြောင်း ကူကီးအမျိုးသားတပ်မတော် KNA(B) တာဝန်ရှိသူထံမှ သိရသည်။
တမူးမြို့သိမ်းတိုက်ပွဲ ပြုလုပ်မည်ဟု ၂၀၂၅ နှစ် အစပိုင်းကတည်းက သတင်းများထွက်ပေါ်လာပြီးနောက်တွင် တမူးအထက်ပိုင်းရှိ ကျေးရွာများတွင် တစ်ရွာလုံးနီးပါး အိုးအိမ်စွန့်ခွာ၍ စစ်ဘေးရှောင်နေကြပြီး ယခုရက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာကာ တော်လှန်ရေးပူးပေါင်းတပ်များသည် စစ်ကောင်စီ ပူးပေါင်းစခန်းများကို အပြီးတိုင် သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် တမူးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲရာတွင် တမူးမြို့နယ်ထဲမှ ကျွန်းပင်သာနှင့် မင်းသာရှိ စစ်ကောင်စီစခန်းများ၊ ပန်းသာအခြေစိုက် စစ်ကောင်စီစခန်းနှင့် ဟဲဇင်းအခြေစိုက် စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
သတင်း – James Roe