“သွားလေသူ အညတရ ကျန်ခဲ့သူ သူရဲကောင်းများ”
အစ်ကို
ငါတို့ဟာ ငူငှက်တွေလိုပဲ
ငါတို့စားသောက်လာခဲ့သမျှ ငါတို့
ရိုးဖြောင့်စွာပြန်အံထုတ်နိုင်တယ်
အဲဒါမှားသလားအစ်ကို
တမလွန်ကိုရက်စက်စွာ ရောက်နှင့်နေတဲ့ မင်းကိုပဲ
အားမနာတမ်း မေးရတော့မယ်
ငါတို့ရဲ့နေရာ
ငါတို့ရဲ့ အနေအထိုင်ဟာလည်း
ကမ္ဘာကြီးမပြောနဲ့
ကိုယ့်အဝန်းအဝိုင်းမှာတောင်
ကောက်ညှင်းပေါင်းပေါ် နှမ်းဖြူးသလောက်
မပါလည်းဖြစ်တဲ့ ပွဲလည်တင့်မှု
ဒါပေမဲ့ ငါတို့ကြီးကျယ်ချင်ရင်
မြေဇာမြက်ပေါ့ အစ်ကိုရာ
ခွေးလှေးခုန်လို့ ဖုန်မထဘူးဆိုပေမယ့်
ငါတို့ ဖုန်ထအောင်ခုန်ရတော့မယ် အခု
အစ်ကိုပဲ မှားခဲ့တာလား
အစ်ကိုမှားခဲ့တယ်လို့ ဘယ်သူကောင်းသားကပြောတာလဲ
အစ်ကို့အရေးပါမှုကို ဘယ်သူကောင်းသားက အလွဲသုံးတာလဲ
သူတို့အတွက် အစ်ကိုက ရန်သူပေါ့လေ
ငါတို့အတွက်တော့ အစ်ကိုက
ငါတို့ ငေးကြည့်ရတဲ့ ကြယ်ပွင့်မဟုတ်တောင်
ရွာလယ်ဇရပ်ပေါ်က ရေချမ်းစင်
တောလမ်းလေးပေါ်က ချောင်းကူးဝါးတံတားလေး
တစ်ရွာလုံးသုံးတဲ့ ကြိုးဖုန်း
ရွာထဲ အပ်ပျောက်တာကအစ အစ်ကို့အိမ်တံခါး လာခေါက်ရတယ်
အစ်ကိုသာ နှုတ်မဆက်ပဲ ထွက်သွားရတယ်လို့ကွာ
အစ်ကိုပြောတာ
အစွန်းရောက်ရင်ဘယ်အရာမှ မကောင်းဘူးဆို
ထမင်း၊ ဟင်း ချက်ရင်တောင် တူးသွားရင်မကောင်းဘူး ခါးတယ်ဆို
အခု သူတို့လုပ်ပုံက တူးတူးခါးခါးကြီး သိပ်လွန်တယ်
ငါတို့အတွက် ခါးတယ် သိပ်ကိုခါးတယ်
ငါ့ခါးခြင်းမှာ
ငါလေးစားရသူတွေ …
ငါခင်မင်ရသူတွေ …
ငါမုန်းလို့မဖြစ်သူတွေ …
ငါအကုန်ထားခဲ့လိုက်ပြီ
ငါ့ကိုယ်ကျင့်တရား ငါ့သစ္စာ
အဲလောက်တော့ ထားခဲ့သင့်တယ်မဟုတ်လားအစ်ကို
၁၈-ရာစု နိုင်ငံတည်ခြင်းအိပ်မက်က ဘီလူးတစ်ကောင်လို
အောင်နိုင်ခြင်းက သေနတ်ပြောင်းဝမှာတဲ့
ကိုယ်ချင်းစာတရားနဲ့ တရားမျှတမှုက အလှောင်ခံရတော့
မုဆိုးမအိမ်က ထမင်းအိုးလည်းကျကွဲရတာပဲ
တောင်ယာတဲပေါ်က မီးဖိုလည်း မီးငြိမ်းရတာပဲ
လူမှုအသိုက်အဝန်းဆိုတာ
အတူတူသုံးစွဲလို့ရတဲ့ လက်ဆောင်ထုပ်ကြီးတဲ့
ဒါလည်း ကျကွဲတာပဲ အစ်ကို
သစ်ပင်စိုက်ဖို့ သစ်တောကိုခုတ်လှဲလိုက်တဲ့အခါ
သစ်တောက ပိုကြောက်ဖို့ကောင်းလာသလို
အရင်က ဆဲရလောက်အောင် ရင်းခဲ့တဲ့သူတွေတောင်
ရန်သူလား မိတ်ဆွေလား ဇကာစစ်နေရပြီ
ခတ်တယ်အစ်ကို သိပ်ခတ်တယ်
နိုင်ငံတည်ရလောက်တဲ့ သွေးတွေအစ်ကို့ရင်အုံမှာရှိနေတာဆိုရင်
ငါဘာမှမပြောချင်ဘူး
အခုတော့ မဟုတ်ဘူးအစ်ကို မဟုတ်ဘူး
သူတို့ရဲ့ အဓမ္မကို အစ်ကို့သွေးနဲ့ဆေးတာ ရင်နာတယ်
နောက်ထပ် ငါ့အစ်မ .. ငါ့ညီမ .. ငါ့ညီ .. မပါစေချင်ဘူး
ငါ့ဆန္ဒ ငါ့သတိရခြင်းနဲ့ ငါ့အလွမ်း
ပြီးတော့ငါ့ကျိန်စာပေါ့ကွာ
လူက လွမ်းတာများရင် ကျိန်တာပဲ
ငါ့ကျိန်ခြင်းမှာ
အစ်ကို့ကို လက်ရောက်ကျူးလွန်သူတွေ
ဘဝဆက်တိုင်း
သစ္စာတရားမသိသူအဖြစ် လူ့အန္ဓအဖြစ်
ဆုမတောင်းလည်းပြည့်စေသတည်း …
သွားနှင့်ပါအစ်ကို သွားနှင့်ပါ
အစ်ကို့အုတ်ဂူဘေး နေးမို(အစ်ကို့အမေ) ငိုနေတာကို
ငါ့နှလုံးသားနဲ့ ဓါတ်ပုံရိုက်ထားတယ်
ဖြစ်လေရာ ဘဝဆက်တိုင်းမှာလို့ ဆုမတောင်းချင်ပါဘူး
အစ်ကို နားပါ
ကောင်းကင်သရပ်တွေရဲ့ ဗျပ်စောင်းသံနဲ့ အစ်ကိုနားပါ
မတရားမှုတွေ လေကီမှာတွေ့ရင်လည်း အစ်ကိုနားပါ
ဂါဗြေလတွေ လာပါလိမ့်မယ် ငါယုံတယ်
အစ်ကိုက သွားနှင့်သူ အညတရ
ငါတို့က ကျန်ရစ်သူ သူရဲကောင်းတွေပေါ့ကွာ …။ ။
(ကဗျာမဟုတ်ပါ၊ မကျေနပ်လွန်၍ ရေးမိခြင်းသာဖြစ်ပါသည်)
မြကဗျာ
(၁၁- ဇန်နဝါရီ – ၁၈-ဧပြီ-၂၀၂၀)