အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီမှ ယနေ့တွင် သတင်းထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီမှ ယနေ့တွင် သတင်းထုတ်ပြန်

ဖော်ဖော်ဝါရီလ ၁ ရက်၊ ၂၀၂၅။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီမှ သတင်းထုတ်ပြန်ချက် အမှတ်(၁/၂၀၂၅)၊ ထုတ်ပြန်ချက် ၁၁ ချက်နှင့် ပူးတွဲ လေးစောင် အပါအဝင်ကို စစ်ကောင်စီ အာဏာသိမ်း လေးနှစ်ပြည့် ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်  သတင်းထုတ်ပြန်ထားသည်ကို သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီမှ ထုတ်ပြန်ချက် ၁၁ ချက်ထဲတွင် အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်သောစစ်အုပ်စုသည် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ နိုင်ငံတော်အာဏာကို အဓမ္မလုယူပြီး နိုင်ငံတော်သမ္မနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များကို ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မတရား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ အာဏာသိမ်းမှုအား ဆန့်ကျင်ကန့်ကွက်သည့် ငြိမ်းချမ်းစွာဆန္ဒဖေါ်ကြသော ပြည်သူများအား စစ်ကောင်စီသည် အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း၊ သတင်းအစဖျောက်ခြင်း၊ ကျေးရွာများ၊ လူနေအိမ်များနှင့် ပြည်သူများကို မီးရှို့ဖျက်ဆီးသတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုကာ အစဖျောက်သတ်ဖြတ်ခြင်း၊ ပြည်သူ့ပိုင်ဆိုင်မှုများကို လုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်မှုများ ကျူးလွန်နေကြဆဲ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD) ကို ၂၀၂၁ ခုနှစ်၊ မေလမှစတင်ဖွဲ့စည်းကာ မြန်မာပြည်သူများအတွက် တရားမျှတမှု ပြန်လည်ရရှိရန်နှင့် နောင်လာနောက်သားများ လူ့အခွင့်အရေးကို လေးစားလိုက်နာစေရန် ရည်ရွယ်၍ စစ်ကောင်စီ၏ ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ကောက်ယူလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မှတ်တမ်းများ ပြုစုထားသည့် အချက် ၇ ချက်တွင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ချိုးဖောက်ခြင်းလည်းဖြစ်ကြောင်းနှင့် မှတ်တမ်းများရရှိရန် ဝိုင်းဝန်းအားဖြည့်ပေးကြသော ပြည်နယ်နှင့်တိုင်းအသီးသီးမှ အဖွဲ့ချုပ်ပါတီဝင်များနှင့် ပြည်သူများအား ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ၄ နှစ်အတွင်းတွင် မတရားကျူးလွန်ခဲ့မှုများစွာ တွေ့ရှိရကာ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ၏ စီရင်ပိုင်ခွင့်အတွင်းရှိသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်ခြင်းအပြင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ၏ သတ်မှတ်ထားသော စည်းမျဉ်းများနှင့် အခြေခံမူများကိုချိုးဖောက်သည့် လုပ်ရပ်များလည်း ပါဝင်နေကာ ယနေ့အထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေလျက် အကြမ်းဖက်စစ်ကောင်စီနှင့်အပေါင်းအပါ ပျူစောထီးများ၊ ပြည်သူ့စစ်များသည် အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှု ၃ မျိုးဖြစ်သည့် ရက်ရက်စက်စက်သတ်ဖြတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အရပ်သားနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း စသည်တို့ကို ရက်ရက်စက်စက် စိတ်ပါလက်ပါကျူးလွန်ခဲ့သည်ကို တွေ့ ရသည်။

ဤကဲ့သို့ ဆိုးရွားပြင်းထန်သည့် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေသော အကြမ်းဖက် စစ်ကောင်စီတပ်အား နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် မျက်ကွယ်ပြုထားခြင်းမပြုလုပ်ဘဲ မြန်မာပြည်သူများအပေါ် လူသားချင်း စာနာထောက်ထားပြီး ချိုးဖောက်မှုများ ရပ်တန့်ရန်နှင့် ထပ်မံမဖြစ်ပွားရန်၊ ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေး၊ ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိစေရေး ဆက်လက်ဆောင် ရွက်ကြရန် တိုက်တွန်းကြေညာထားပြီး ပူးတွဲပါ လေးစောင်တွင်လည်း ကောက်ယူထားသည့် စစ်တမ်း၊ ဇယာများကို တိကျစွာဖေါ်ပြထားသည်ကို ထုတ်ပြန်ချက်ထားကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *