ခေခုံ၊ လုံပူး ကျေးရွာမှ စစ်ရှောင်ပြည်သူများကို ဆင်အိုးဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ နေရပ်ပြန်လာရန် ဆင့်ခေါ်သည့် အမိန့်စာထုတ်ပြန်
ဖော်ဖော်ဝါရီလ ၃ ရက် ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆင်းအိုးဝကျေးရွာအုပ်စုမှ မီဇိုရမ်ပြည်နယ် ဆိုက်ဟားခရိုင် ခေခုံ၊ လုံပူး ကျေးရွာတို့တွင် အခြေအနေအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်ရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူများကို နေရပ်ပြန်လာရန်အတွက် ဆင်အိုးဝအုပ်စု အုပ်ချုပ်ရေးမှူးမှ ဆင့်ခေါ်သည့် အမိန့်စာထုတ်ပြန်ထားသည်ကို သိရသည်။
ခေခုံ၊ လုံပူး ကျေးရွာတို့တွင် စစ်ရှောင်နေသည့် ဆင်းအိုးဝကျေးရွာအုပ်စုမှ ဒေသခံပြည်သူများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ အုပ်စုလုံးကျွတ်အစည်းအဝေး ဆုံးဖြတ်ချက်အရ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ပြန်လာကြရန်နှင့် မပြန်လာပါက ဟောင်းနွမ်းပျက်စီးနေသော နေအိမ်/ အိမ်ယာမြေများကို မိမိတို့ကိုယ်တိုင် ဖျက်ဆီးသိမ်းဆည်းပေးရန်၊ မိမိတို့ကိုယ်တိုင် မသိမ်းဆီးပါက ရပ်ရွာမှ ဖျက်ဆီးသိမ်းဆည်းသွားမည် ဖြစ်ကြောင်း ဆင်အိုးဝအုပ်စု အုပ်ချုပ်ရေးမှူးမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားသည့် အမိန့်စာထုတ်ပြန်ချက်အရ သိရသည်။
“ရွာဘက်ကိုပြန်မယ့် တချို့မိသားစုတွေတော့ ရှိတယ်။ မပြန်တော့ဘူးဆိုတဲ့ မိသားစုတွေလည်းရှိတယ်။ ကျွန်တော်တို့လည်း နောက်နှစ်မှပဲ ပြန်ဖို့စဉ်းစားထားတယ်။ ပြောလို့တော့မရသေးဘူး။ အမိန့်စာထုတ်ပြန်လာတဲ့နောက်မှာတော့ အိမ်အဟောင်းတွေကို ဖျက်ဆီးတာတွေရှိတယ်။ နေလို့ရသေးတဲ့၊ ကောင်းသေးတဲ့အိမ်ကိုတော့ ဒီတိုင်းပဲထားထားသေးတယ်…” ဟု လုံပူးကျေးရွာစစ်ရှောင်စခန်းမှ ဆင်အိုးဝဒေသခံ အသက် ၃၉ နှစ်အရွယ် စစ်ရှောင်တစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။
ပလက်ဝမြို့နယ် ဆင်းအိုးဝကျေးရွာအုပ်စုမှ ဒေသခံပြည်သူများသည် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်တွင် မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေရခြင်းဖြစ်ကြောင်း သိရသည်။
“ခုလိုဒေသခံတွေကိုပြန်လာဖို့ ပြောတာက ဆင်အိုးဝအုပ်စုနဲ့ ရှင်းလက်ဝနယ်တွေအားလုံးမှာ အေအေနဲ့ MDF တွေက သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို ပုံဖော်ချင်တဲ့အတွက် လုပ်တာပဲဖြစ်မယ်လို့ မြင်တယ်…” ဟု လုံပူးကျေးရွာ စစ်ရှောင်စခန်းမှ ဆင်အိုးဝဒေသခံ အသက် ၄၃ နှစ်အရွယ် စစ်ရှောင်တစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။
ယခုအချိန်အထိ ဒေသခံများသည် မိမိတို့ ရပ်ရွာသို့ ပြန်လည်၍ အခြေချရန်အတွက် ခက်ခဲနေသည့်အခြေအနေတွင်ရှိနေကာ လုံပူးကျေးရွာတွင် အိမ်ထောင်စု ၁၄၅ အိမ်ထောင်၊ လူဦးရေ ၆၆၈ ဦးနှင့် ခေခုံကျေးရွာတွင် အိမ်ထောင်စု ၇၈ အိမ်ထောင် ရောက်ရှိနေထိုင်နေကြသည်ကို ပလက်ဝကောင်စီ၊ လူမှုဝန်ထမ်းနှင့် ကူညီကယ်ဆယ်ရေးဌာနစာရင်းအရ သိရသည်။
သတင်း – James Roe
Photo by Aik Shang La
မီဇိုရမ်ပြည်နယ် လုံပူးကျေးရွာ စစ်ရှောင်စခန်းပုံ