CDF Hakha Central Council မှ ဦးဆောင်ဖွင့်လှစ်သည့် ကျောင်းများရှိ ပညာရေးအခြေအနေ တိုးတက်မှုရှိ
ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၂၅။
ဟားခါးခရိုင်အတွင်းတွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းသား၊ ကျောင်းသူအများစုသည် စစ်ကောင်စီမှ ဖွင့်ထားသည့် အစိုးရကျောင်းများတွင် တက်ရောက်မှုမရှိပဲ CDF Hakha Central Council က ဦးဆောင်ဖွင့်လှစ်ထားသည့် ကျောင်းများတွင် တက်ရောက်ကြကြောင်း သိရသည်။
စစ်ကောင်စီ အာဏာသိမ်းစ ရွာတိုင်းတွင် CDF မှ ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသော်လည်း ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းသား/ သူပေါင်း ၁၀၀၀ ဦးကို ဆရာ/ မ ၇၀ ဦးက Online မှတဆင့် ဘာသာစုံသင်ကြားပေးခဲ့ပြီး ၂၀၂၂ ခုနှစ်မှစတင်၍ ဟားခါးခရိုင်လေးခုအတွင်း ကျောင်းပေါင်း ၆၅ ကျောင်းဖွင့်လှစ်ပြီး Batch-1 မူလတန်း ကျောင်းသား/သူ ၄၂၇၈ ဦး၊ အလယ်တန်း ကျောင်းသား/သူ ၁၈၄၂ ဦး၊ အထက်တန်း ကျောင်းသား/သူ ၄၄၄ ဦး စုစုပေါင်း ၆၅၆၄ ဦး တက်ရောက်ခဲ့ကြပြီး ၂၀၂၃ ခုနှစ် အတွင်း Batch-2 တွင် Region လေးခုအတွင်း ကျောင်းသား/သူ ၇၀၈၁ ဦး ရှိပြီး Batch-3 တွင် ကျောင်းသား/သူ ၄၃၇၀ ဦး ရှိကြောင်း CDF Hakha Central Council, Education Department မှ သိရသည်။
CDF Hakha Central Council, Education Department သည် National Unity Government (NUG) MOE နှင့် ချိတ်ဆက်ထားကာ အတန်းတက်ရန် Basic Education Completion Assessment (BECA) စနစ်ဟောင်း ဆယ်တန်းစာမေးပွဲ ပထမအကြိမ်ကို Surkhua မြို့တွင် ကျောင်းသား/သူ ၆၄ ဦး၊ Tinam ရွာတွင် ကျောင်းသား/သူ ၆၀ ဦး၊ Farrawn ရွာတွင် ကျောင်းသား/သူ ၁၀၂ ဦး၊ Tiphul ရွာတွင် ကျောင်းသား/သူ ၅၉ ဦး၊ Hakha မြို့တွင် Online မှတစ်ဆင့် ဖြေဆိုသူ ကျောင်းသား/သူ ၇၆ ဦး အားလုံးစုစုပေါင်း ၄၆၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဒုတိယအကြိမ် BECA ဆယ်တန်းစနစ်ဟောင်း စာမေးပွဲကိုလည်း ၂၀၂၄ ခုနှစ်တွင် ကျောင်းသား/သူ ၄၀၀ ဦး အောင်မြင်ဖြေဆိုနိုင်ခဲ့ကြပြီး ၂၀၂၄ ပညာသင်နှစ် Batch-4 တွင်လည်း ကျောင်းသား/သူ စုစုပေါင်း ၃၄၇၂ ဦးက ပညာသင်ယူနေကြကြောင်းသိရသည်။
သတင်း – James Roe