ချင်းလူမျိုး စာရေးဆရာတွာလ်ခင်းမာန် ရေးသားထားသည့် တောင်ပေါ်လေရဲ့ ကောက်သစ်စားပွဲနှင့် အခြားဝတ္တုတိုများ စာအုပ်မိတ်ဆက်ပွဲကျင်းပ
ဖေဖော်ဝါရီလ ၄ ရက်၊ ၂၀၂၅။
ချင်းလူမျိုး စာရေးဆရာတွာလ်ခင်းမာန် ရေးသားထားသည့် တောင်ပေါ်လေရဲ့ ကောက်သစ်စားပွဲနှင့် အခြားဝတ္တုတိုများ စာအုပ်မိတ်ဆက်ပွဲကို ချင်းလူငယ်တချို့နှင့် ကလေးမြို့ စာပေအသိုင်းအဝိုင်း စာရေးဆရာများမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ချင်းတောင်ခြေကလေးမြို့၊ မြို့မဈေးရှိ ဟိန္ဒူရေဆန်ကျွန်းဘုရားကျောင်းတွင် ပြုလုပ်ကျင်းပကြောင်း သိရသည်။
ဆရာတွာလ်ခင်းမာန် ရေးသားထားသည့် တောင်ပေါ်လေရဲ့ ကောက်သစ်စားပွဲနှင့် အခြားဝတ္တုတိုများ စာအုပ်မိတ်ပွဲတွင် အခမ်းအနားမှူးအဖြစ် ဆရာသိန်းထိုက်ဦး(ထေရု) မှ ပြုလုပ်ပေးပြီး စာအုပ်ထုတ်ဝေဖြစ်ပုံကို စာအုပ်ထုတ်ဝေရန် စီစဉ်သူ စာရေးဆရာ ဇို(တီးတိန်)မှ ရှင်းပြပေးခြင်း ဆရာဓီရာလင်းမှ စာအုပ်ကို သုံးသပ်ပေးခြင်း၊ ဆရာချိုတကူး(ကလေး)၊ ဆရာမောင်ကိုမောင် (ကလေး)၊ ဆရာအောင်မူး(ကလေး)၊ ဆရာကိုဇော်(ကလေးမြို့)၊ ဆရာသော်တာစံ(ကလေး)၊ ဆရာမနှင်းနွယ်(ကလေး) နှင့် စာရေးဆရာမျိုးကို (ဒေါက်တာမျိုးသင်း – အထွေထွေရောဂါကုသမားတော်ကြီး) တို့တက်ရောက်ကြကာ ဆရာတွာလ်ခဲင်းမာန်၏ ရေးဖော်ရေးဖက်များဖြစ်ကြသည့် ဆရာချိုတကူး(ကလေး)နှင့် ဆရာမောင်ကိုမောင်တို့က ရှေးဟောင်းနှောင်းဖြစ်များကို ဝေမျှပေးခြင်း၊ ဆရာဘကြူး၊ ဆရာထိပ်သီးတို့မှလည်း ဆရာတွာလ်အလွမ်းပြေ စကားများဆိုခြင်း၊ ကဗျာဆရာတာန်၊ ကဗျာဆရာလင်းစည်သူတို့ တက်ရောက်အားပေးခဲ့ကြပြီး နောက်ဆုံး ပွဲသိမ်းအနေနှင့် ဆရာတွာလ်ခဲင်းမာန်၏ “ဝိုင်ခိုဿမ်အလွမ်း”ကဗျာကို ကဗျာဆရာ ကိုဇော်(ကလေးမြို့) က အားရပါးရ ရွတ်ဖတ်ပေးသွားကြောင်း စာရေးဆရာ ဇို(တီးတိန်) ပြောပြထားသည်ကို သိရသည်။
ဆရာ၏ပထမဆုံးသော ပုံနှိပ်စာလုံးဖြင့် ဖော်ပြခံရသည့် စာမှာ ၁၉၈၄ ခုနှစ်ထုတ် ကျိမ်နွဲ မဂ္ဂဇင်းတွင် အမာဏ်ရယ် ကလောင် နာမည်ဖြင့် ရေးသားခဲ့သည့် ပျော်ရာစေ ကဗျာ၊ ၁၉၈၉ ခုနှစ်တွင် မဟေသီ မဂ္ဂဇင်း၌ ‘တောင်ပေါ်လေ’ ဟူသော အတိုဆုံး ဝတ္ထုတို ကို တွာလ်ခဲင်းမာန် အမည်ဖြင့် စတင်ဖော်ပြခြင်းခံခဲ့ရကြောင်း၊ ရွှေအမြူတေ၊ မဟေသီ၊ မှုခင်းရောင်စုံ၊ ကျိမ်နွဲ၊ ချင်း စသည့် မဂ္ဂဇင်းများနှင့် အလင်းအိမ် ခရစ်ယာန် ဘာသာရေးစာစုတို့တွင် ကဗျာနှင့် ဝတ္ထုတိုများစွာ ရေးသားခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ်တွင် ပဉ္စမအကြိမ် မိုးမိုး(အင်းလျား) အမှတ်တရ ဝတ္ထုတို ပြိုင်ပွဲတွင် တောင်ပေါ်လေရဲ့ ကောက်သစ်စားပွဲ စာမူဖြင့် ပထမဆု ရရှိခဲ့ကြောင်း၊ ၂ဝဝ၁ ခုနှစ်တွင် စာရေးဆရာကြီး ဦးအောင်သင်း ကမကထပြု ရွေးချယ်ကျင်းပသော ဥက္ကာကျော် ဝတ္ထုတိုပြိုင်ပွဲတွင် “အိမ်စိမ်းကလေးတစ်လုံး”စာမူဖြင့် တတိယဆု ရရှိခဲ့ကြောင်း သိရသည်။
ချင်းလူမျိုး စာရေးဆရာ တွာလ်ခဲင်းမာန် ကို ချင်းပြည်နယ်၊ ကျီခါးမြို့ တွီးမွီရွာသား မိဘနှစ်ပါးထံမှ ၁၉၆၂ ခုနှစ် ပုသိမ်မြို့တွင် မွေးဖွားခဲ့ကာ ဆရာသည် ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်ခဲ့ပြီး ယခု ထုတ်ဝေထားသည့် “တောင်ပေါ်လေရဲ့ ကောက်သစ်စားပွဲနှင့် အခြားဝတ္တုတိုများ” စာအုပ်တွင် ဆရာတွာလ်ခဲင်းမာန် ရေးသားထားသည့် ချင်းတောင် နောက်ခံ ဝတ္တုတို ၁၁ ပုဒ် ပါဝင်သည်ကို သိရသည်။
သတင်း – James Roe