ပလက်ဝ ဘာလဲ၊ ဘယ်လဲ…
(၁)
အခုတလော ခူမီးလူမျိုးတွေလည်း ချင်းလူမျိုးဖြစ်လို့များလား မသိ။ အဖွဲ့ကွဲတာ၊ အချင်းချင်း တိုက်ခိုက်မုန်းတီးတာ၊ ကဲ့ရဲ့အပုပ်ချတာတွေ တစ်ရက်ထက်တစ်ရက် ကြီးထွားလာတာ တွေ့ရတယ်။ ဒီလိုမျိုး တွေ့ရတော့ စိတ်ပျက်မိတာ အမှန်ပါပဲ။ ဒီပြဿနာမီးကိုတော့ အမြန်ဆုံးငြိမ်းနိုင်မှ ဖြစ်မယ်လို့ မြင်ပါတယ်။ မဟုတ်ရင် ပလက်ဝပြည်သူတွေရဲ့ အိမ်မက် ပိုမိုပြီးတော့ အလှမ်းဝေးသွားနိုင်ပါတယ်။
(၂)
CNA/CNF အခြေခံအင်အား တည်ဆောက်မယ့်အဖွဲ့နဲ့ ပလက်ဝကောင်စီ PC၊ CDF – Paletwa အခြေခံအင်အား တည်ဆောက်မယ့်အဖွဲ့ဆိုပြီး နိုင်ငံရေးသဘောထားကွဲလွဲမှုက အရေးပါတဲ့ကိစ္စ ဖြစ်လာတာပါ။ အဲဒီကိစ္စက မကြီးမားသေးဘူးလို့ ပြောလို့ရနိုင်ပေမယ့် ပလက်ဝအရေးဆောင်ရွက်ရာမှာ ထိခိုက်ဆုံးရှုံးမှု အများကြီး ဖြစ်သွားနိုင်တဲ့ ပြဿနာဖြစ်နေပါတယ်။
(၃)
တော်လှန်ရေးကာလ ၄ နှစ် ပြည့်ပါပြီ။ ပလက်ဝအရေး ကျေနပ်အားရသည်အထိ အကောင်အထည်ဖော်နိုင်တာ မရှိသေးဘူး။ ပြည်သူတွေက ထောက်ပံ့ကူညီမှု နိုင်သလောက်လုပ်ခဲ့ပါပြီ။ ဒါပေမယ့် ဘာမှအရာမထင်ခဲ့ဘူး။ ပြည်သူလူထုလည်း ပူးပေါင်းပါဝင်လိုကြပေမယ့် နှစ်ဖွဲ့ကွဲသလိုဖြစ်နေတော့ ပါဝင်ဖို့ဆုံးဖြတ်ရ ခက်နေကြပုံ ရပါတယ်။ ကြားမှာ ဟိုမပါ၊ ဒီမပါတွေလည်း ရှိနိုင်ပါတယ်။
(၄)
ဒီပြဿနာကို ဖြေရှင်းဖို့ ပထမအချက်အနေနဲ့ ခူမီးလူကြီးများ တွေ့ဆုံဆွေးနွေးမှု လိုအပ်ပါတယ်။ တစ်ခုတည်းသော နိုင်ငံရေး ပလက်ဖောင်းကနေ စီမံခန့်ခွဲမှု မရှိမဖြစ်လိုအပ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ဘာသာရေးခေါင်းဆောင်တွေလည်း ကိုယ်နဲ့မဆိုင်သလို မနေပါနဲ့လို့ ပြောချင်တယ်။ ဘာသာရေးလုပ်ငန်း တာဝန်ဟာ လူမှုစည်းလုံးရေးအတွက် အင်မတန်လိုအပ်တယ်။ အရေးလည်းပါတယ်။ စိတ်ဝမ်းကွဲပြားမှုတွေကို စည်းလုံးညီညွတ်စေဖို့၊ ကွေးတဲ့လမ်းဖြောင့်ပေးဖို့၊ အနိမ့်အမြင့်တွေညှိပေးဖို့ တာဝန်ရှိတယ်။ တတိယအချက်အနေနဲ့ ခူမီးမျိုးနွယ်စု လူမှုအဖွဲ့အစည်းအသီးသီးက ပလက်ဝအရေးဆိုတာ ခူမီးအားလုံနဲ့ သက်ဆိုင်ကြောင်း လက်ခံရပါမယ်။ ခူမီးမျိုးနွယ်စုအားလုံးရဲ့ ဘိုးဘွားအမွေအနှစ်မြေ ဖြစ်တာကြောင့် ပလက်ဝမြေကို သူတပါးလက်ထဲ မပါသွားဖို့ အားလုံးရဲ့တာဝန်ဖြစ်တယ်၊ အဖွဲ့အစည်းအသီးသီးခေါင်းဆောင်တွေရဲ့ ပါဝင်ဆွေးနွေးအဖြေရှာမှုတွေ အင်မတန်လိုအပ်တယ်၊ အဖွဲ့အစည်းတစ်ခုဟာ ပြဿနာရဲ့ရင်းမြစ် ဒါမှမဟုတ် အဖြေကိုရှာဖို့ တာဝန်ရှိတယ်ဆိုတာ နားလည်ရပါမယ်။
(၅)
ပလက်ဝကောင်စီ PC အင်အားမရှိလို့လည်း မဖြစ်ပါ။ ချင်းနိုင်ငံရေး အခြေအနေအရ၊ ချင်းဒေသအတွင်း စိန်ခေါ်မှုအရ ပလက်ဝကောင်စီ PC အင်အားရှိရပါမယ်။ တစ်ခုတည်းသော ချင်းအမျိုးသားတပ်မတော်ရှိဖို့ လောလောဆယ် မမြင်သေးပါ။ တပ်ပေါင်းစုအဖြစ်သွားပြီး အချင်းချင်း ယုံကြည်မှုတည်ဆောက်ပြီးမှ တစ်ခုတည်းသော ချင်းတပ်မတော်ကို သွားနိုင်မယ်လို့ မြင်ပါတယ်။ တစ်ခုတည်းသော ချင်းအမျိုးသားတပ်မတော် မြင်ရဖို့ ဘယ်လောက်ကြာနိုင်လဲ။ မည်သို့ဆိုစေ တစ်ခုတည်းသော ချင်းအမျိုးသားတပ်မတော် တည်ဆောက်ပြီး ဖြစ်ရင်တောင် ချင်းပြည်အုပ်ချုပ်ရေး ဖွဲ့စည်းပုံအရ CDF တွေဟာ ဒေသကာကွယ်ရေးနဲ့ ဒေသလုံခြုံရေးအဖြစ် ပြောင်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသကာကွယ်ရေးအနေနဲ့ ဒေသလုံခြုံရေးအင်အားပြည့်မှီဖို့ အင်မတန်အရေးကြီးပါတယ်။
(၆)
၁၉၄၇-၂၀၁၀ ပြည့်နှစ်ထိ ပလက်ဝအခြေအနေကို ပြန်လည် ကြည့်ကြပါ။ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် ပလက်ဝရဲ့ အရေးပါမှု။ အဲ့ဒီလို အရေးပါမှု(ထိုင်ခုံ) မရှိတဲ့အဖြစ်ကို ပြန်မရောက်ဖို့ လိုအပ်သလို ထိုင်ခုံမရှိခြင်းက ပလက်ဝရဲ့ နိုင်ငံရေးအင်အားမရှိမှုနဲ့ တိုက်ရိုက်အချိုးကျနေတာကို သင်ခန်းစာယူရမှာ ဖြစ်ပါတယ်။
(၇)
ပလက်ဝဟာ အုပ်ချုပ်ရေးအလားအလာကောင်းတဲ့ ဒေသတစ်ခုပါ။ ခုချင်းပြည်မှာ တီးတိန်ကို ကြည့်ပါ။ တစ်မြို့နယ်တည်းမှာ လက်နတ်ကိုင် အဖွဲ့ ၅ ဖွဲ့တောင်ရှိတယ်ဆိုတော့ အုပ်ချုပ်ရေးလုပ်ငန်းအတွက် ခက်ခဲနိုင်တယ်။ ပလက်ဝက အဲ့လိုမဟုတ်ပါ။ CDF – Daai နဲ့ MDF တို့ရှိပေမယ့်လည်းပဲ ပြဿနာသိပ်မရှိပါ။
အဓိကစိန်ခေါ်ချက်က ULA/AA နဲ့ စကားဘယ်လောက်ပြောမလဲ၊ စကားဘယ်လိုပြောမလဲဆိုတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ UWSA က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲမှာ အင်အားအကောင်းဆုံး ဖြစ်တယ်။ အဲဒီလိုပဲ ပလက်ဝဟာလည်း ချင်းပြည်မှာ အင်အားအကောင်းဆုံးဖြစ်ဖို့ အလားအလာရှိတဲ့ ဒေသပါ။ အဲဒါကို အထူးသတိပြုစေလိုပါတယ်။
ပလက်ဝပြည်သူလူထု ဘာလဲ၊ ဘယ်လဲ… သိသင့်ပါပြီ။
Aimin (2.2.2025)