ပုသိမ်အကျဥ်းထောင်တွင် အကျဉ်းကျခံနေသည့် ပလက်ဝမြို့နယ် ပါးဝရွာမှ နိုင်ငံရေးအကျဉ်သား ၁၉ ဦးအတွက် မိသားစုဝင်များ စိုးရိမ်နေ
ဖေဖော်ဝါရီလ ၄ ရက်၊ ၂၀၂၅။
ပုသိမ်အကျဉ်းထောင်အတွင်း စစ်ဆေးရေးများ မကြာခဏပြုလုပ်ခြင်း၊ နေရာအခက်ခဲ၊ စားသောက်ရေးအခက်အခဲများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိမှုများကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ပါးဝကျေးရွာမှ ပုဒ်မ – ၅၂ (က) ဖြင့် ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၁၉ ဦးအတွက် မိသားစုဝင်များမှ စိုးရိမ်နေကြကြောင်း သိရသည်။
“ပုသိမ်ထောင်ထဲမှာ ခုတလော အစစ်အဆေးတွေ ကြမ်းနေတယ်လို့ ကြားတယ်။ သူတို့အားလုံးအတွက် စိတ်ပူတယ်။ နေရာထိုင်ခင်းက မကောင်းတဲ့အပြင် ရေမလုံလောက်ဘူးတဲ့။ ကျန်းမာရေးစောင့်ရှောက်မှုလည်း မကောင်းဘူးတဲ့။ အပြင်ကနေ ဆေးနဲ့ အစားအသောက်တွေပို့ရင်လည်း အရင်ကလို အဆင်မပြေတော့ဘူး။ အကန့်အသတ်နဲ့ပဲ ပို့ရတော့တယ်။ သူတို့ ၁၉ ယောက်ထဲမှာ အသက်ကြီးတဲ့သူတွေလည်း ပါတယ်။ သူတို့တွေထဲမှာ ခြေထောက်တွေယောင်ပြီး လမ်းလျှောက်ရတာ သိပ်အဆင်မပြေတဲ့ သူတွေရှိတယ်လို့ ပြောတယ်။ သူတို့ရဲ့ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်…” ဟု မိသားစုဝင်တစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။
ပါးဝကျေးရွာသား နိုင်ငံရေးအကျဉ်းသား ၁၉ ဦးသည် စစ်ကောင်စီ၏ ဥပဒေမဲ့ မတရားဖမ်းဆီးခြင်းခံရကာ နိုင်ငံရေးအကျဉ်းသားများအဖြစ် အကျဉ်းကျခံနေရသူများဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် လွတ်ရက်စေ့၍ မလွတ်မြောက်သည့်အပြင် အခါကြီး ရက်ကြီးနေ့များတွင် လွတ်ငြိမ်းချမ်းသာဖြင့် လွတ်ပေးသည့် အကျဉ်းသားများထဲတွင်လည်း ပါဝင်လာခြင်းမရှိပဲ ယခုလက်ရှိအချိန်အထိ အကျဉ်းကျခံနေရကြောင်း အကျဉ်းကျနေသူများ၏ မိသားစုဝင်များထံမှ သိရသည်။
“ပါးဝရွာသား ၁၉ ဦးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ စစ်ကောင်စီက တရားစွဲဆိုခဲ့တာပါ။ မတ်လ ၃၀ ရက်နေ့မှာ ၁၆ ဦးကို ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ပြီးတော့ ၃ ဦးကို ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်တာဖြစ်တယ်။ ကျွန်တော်တို့နဲ့အတူ ဧပြီလ ၆ ရက်နေ့မှာ ပလက်ဝရဲစခန်းကနေ စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပြီးတော့ အတူနေခဲ့တာပါ။ ကျွန်တော်တို့က ၂၀၂၃ ခုနှစ်မေလမှာ အရင်လွတ်တယ်။ သူတို့က စစ်တွေမှာ အကျဉ်းကျနေတုန်းမှာပဲ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ လ ၈ ရက်နေ့က စစ်တွေအကျဉ်းထောင်ကနေ ပုသိမ်အကျဉ်းထောင်သို့ ရွှေ့ပြောင်းခဲ့တယ်…” ဟု ပလက်ဝမြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးမှ ခူမီးမီဒီယာသို့ ဖြေကြားသည်။
ဧရာဝတီတိုင်းအတွင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲထိတွေ့မှုများကြောင့် စစ်ကောင်စီတပ်သည် ပုသိမ်မြို့တွင် စစ်ရေးများပြင်ဆင်နေကာ ပုသိမ်အကျဉ်းထောင်အတွင်း၌ စစ်ဆေးရေးများမကြာခဏပြုလုပ်ခြင်း၊ နေရာထိုင်ခင်းအဆင်မပြေသည်ကို ထောင်အာဏာပိုင်များမှ ပြင်ဆင်မှုမပေးခြင်းအပြင် တန်းစီးများနှင့် ထောင်ဝန်ထမ်းများ ပူးပေါင်းကာ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြပြီး အကျဉ်းထောင်အတွင်းတွင် ကျန်းမာရေးအတွက် ဆေးဝါးနှင့် စာအုပ်များပေးပို့ခြင်းကို လုံးဝကန့်သတ်ထားပြီး ထောင်ဝင်စာပါဆယ်ပို့ရာတွင် ဟင်း ၃ မျိုးသာ လက်ခံကာ ကော်ဖီ ၇ ထုပ်သာပေးပို့၍ရတော့ခြင်း၊ အကျဉ်းထောင်အတွင်းတွင် ဟင်းမလောက်ငှမှုကြောင့် နိုင်ငံရေးအကျဥ်းသားများသည် ထောင်ဈေးဘားကို ငွေသွင်းကာ မတန်တဆဈေးများဖြင့် ဝယ်စားနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ သိရသည်။
လက်ရှိတွင် ပုသိမ်အကျဉ်းထောင်အတွင်းတွင် နေရာအခက်ခဲ၊ စားသောက်ရေးအခက်အခဲများ ကြုံတွေ့နေကြရုံသာမက သောက်ရေမရရှိ၍ ချိုးရေကိုသာ သောက်သုံးနေကြရပြီး အကျဉ်းထောင်အတွင်း ချိုးရေကန်သည် ခဲဓာတ်ပါသည့် ရေများဖြစ်သဖြင့် သက်ကြီးပိုင်း နိုင်ငံရေးအကျဉ်းသားများသည် လမ်းမလျှောက်နိုင်သည့်ပြဿနာများ ဖြစ်နေကြခြင်း၊ ကျန်းမာရေးမကောင်းသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုများလည်း မပေးသောကြောင့် ကျန်းမာရေးပိုင်း ပိုမိုခက်ခဲလာနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ သိရသည်။
ပုသိမ်အကျဉ်းထောင်အတွင်းတွင် နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ ချိုးဖောက်ခံနေသည့်သတင်းများနှင့် ဧရာဝတီတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများရှိလာသည့် အတွက်ကြောင့်လည်း ပလက်ဝမြို့နယ် ဆမီးမြို့ ပါးဝကျေးရွာမှ နိုင်ငံရေးအကျဉ်းသား ၁၉ ဦး ၏ မိသားစုဝင်များသည် အလွန်အမင်းစိုးရိမ်နေကြရကာ လွတ်မြောက်လာမည့်နေ့ကိုလည်း အတိအကျမသိရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
သတင်း – James Roe