ကာကီစစ်ရှောင်စခန်းအတွင်း ဝမ်းပျက်ဝမ်းလျှောကူးစပ်ရောဂါ ဖြစ်ပွားနေလျက်ရှိပြီး အရေးပေါ်ဆေးဝါးများ အကူအညီလိုအပ်နေ

ကာကီစစ်ရှောင်စခန်းအတွင်း ဝမ်းပျက်ဝမ်းလျှောကူးစပ်ရောဂါ ဖြစ်ပွားနေလျက်ရှိပြီး အရေးပေါ်ဆေးဝါးများ အကူအညီလိုအပ်နေ

ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၅။

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီကျေးရွာရှိ စစ်ရှောင်စခန်းအတွင်း ကလေးသူငယ်များအပါအဝင် လူကြီးတချို့သည် ဝမ်းပျက်ဝမ်းလျှောကူးစပ်ရောဂါ ဖြစ်ပွားနေလျက်ရှိပြီး ဆေးဝါးများ အရေးပေါ် အကူအညီလိုအပ်နေကြောင်း စစ်ရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ကာကီကျေးရွာ စစ်ရှောင်စခန်းအတွင်းတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ဝမ်းပျက်ဝမ်းလျှောကူးစပ်ရောဂါ ခံစားနေရသည့် ကလေးသူငယ် ၁၃ ဦးနှင့် လူကြီး ၁၇ ဦး စုစုပေါင်း ၃၀ ဦး ရှိပြီး ဆေးဝါးမလုံလောက်သည့်အတွက်ကြောင့် ရောဂါသက်သာလာခြင်း မရှိသည့်အပြင် ရောဂါခံစားသည့် လူနာများ ထပ်မံ၍တိုးလာနေကြောင်း သိရသည်။

“စစ်ရှောင်စခန်းအတွင်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်တယ်။ ကူးစပ်တာ တအားမြန်တယ်။ ဆေးဝါးမလုံလောက်တာထက် ကုသဖို့ဆေးဝါးမရှိဘူး။ မနေ့ညကအထိတော့ ၈ယောက်လောက်ပဲရှိသေးတာ။ ဒီနေ့ဆို ၃၀ ယောက် ဖြစ်သွားပြီ။ ဆေးတွေမရှိတော့ ဘာလုပ်လို့လုပ်ပေးရမလဲ မသိဘူး။ ဆေးအတွက် ကုန်ကျစရိတ်လည်း မတက်နိုင်ကြဘူး။ အတက်နိုင်ဆုံး ကူညီပေးစေချင်ပါတယ်…” လို့ ကာကီစစ်ရှောင်စခန်းတာဝန်ခံမှ ခူမီးမီဒီယာသို့ ဖုန်းဆက်ပြောသည်။

ယခုလို ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရသည့် စစ်ရှောင်ပြည်သူများအတွက် အရေးပေါ် ဆေးဝါးကုသရန်အတွက် လိုအပ်မှုရှိနေပြီး ထိုဆေးဝါးများအတွက် အကူညီအထောက်အပံ့များ လိုအပ်နေကြောင်း  ကာကီကျေးရွာစစ်ရှောင်စခန်းတာဝန်ခံမှ ခူမီးမီဒီသို့ ပြောသည်။

ကာကီစစ်ရှောင်စခန်းအတွက် ဆေးဝါးစရိတ် လှူဒါန်းလိုပါက-

+91 70852 90203, +91 96125 94809 သို့ တိုက်ရိုက်အဆက်အသွယ်လုပ်၍ လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *