အိန္ဒိယ – မြန်မာ နယ်စပ် တွီဒန်း၊ ကာကီနှင့် လောင်းမ်ဆွီး ကျေးရွာအနီးတွင် အာသန်ရိုင်ဖယ်တပ်ဖွဲ့မှ အသွားအလာတင်းကြပ်ထား
ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၅။
အိန္ဒိယ – မြန်မာ နယ်စပ်အနီး တွီဒန်း၊ ကာကီနှင့် လောင်းမ်ဆွီး ကျေးရွာအနီး ၂ နေရာတွင် အာသန်ရိုင်ဖယ် တပ်ဖွဲ့မှ စခန်းအထိုင်ချ ဂိတ်ဖွင့်ကာ နယ်စပ် အဝင်/အထွက် သွားလာခွင့် တင်းကြပ်ထားခြင်းနှင့် စစ်ဆေးခြင်းများပြုလုပ်နေကြောင်း သိရသည်။
အာသန်ရိုင်ဖယ်တပ်ဖွဲ့သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီနှင့် လောင်မ်ဆွီးကျေးရွာကြားတွင် ဇန်နဝါရီလ လလယ်ပိုင်းမှစတင်၍ ဂိတ်အထိုင်ပြုလုပ်ပြီး ထိုနောက်တွင် တွီဒန်းကျေးရွာအောက်နားတွင် ဇန်နဝါရီလ နောက်ဆုံးအပတ်အတွင်း ဂိတ်အထိုင်ပြုလုပ်ကာ အစုံ/အဆန်ပြုလုပ်ကြသည့် ဟွန်ဒါစက်တပ်လှေများကို စစ်ဆေးခြင်းနှင့် အသွားအလာတင်းကြပ်ခြင်းတို့ လုပ်ဆောင်နေကြောင်း ကာကီကျေးရွာရှိ စစ်ဘေးရှောင်များထံမှ သိရသည်။
“အာသန်ရိုင်ဖယ်တပ်ဖွဲ့က ဇန်နဝါရီလ အလယ်ပိုင်းကစပြီးတော့ လာပြီး ဂိတ်ထိုင်လိုက်တာ။ ဒေသအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရရင် ဂိတ်ကိုဖြတ်ခွင့်မပေးပဲ ပြန်သွားခိုင်းတယ်။ ပလက်ဝမြို့နယ်ဘက်က လာမယ့်သူတွေကိုဆိုရင် ကျေးရွာကောင်စီဥက္ကဌ VCP ဆီက ထောက်ခံစာအရင်ယူပြီးမှ နယ်စပ်ကိုသွားပြီး ခေါ်လို့တော့ ရတယ်။ ခုရက်ပိုင်းမှာတော့ ပလက်ဝဘက်ကရောက်လာတဲ့သူတွေတော့ နည်းသွားပြီ။ ဒါပေမယ့် အိန္ဒိယကနေ ပလက်ဝဘက်ကိုသယ်ယူတဲ့ ကုန်ပစ္စည်းတွေကတော့ အရင်ကလို ပုံမှန်အတိုင်းပဲ သယ်ယူပို့ဆောင်နေတာတွေတော့ လုပ်မြဲအတိုင်း လုပ်နေတာပဲ…” ဟု တွီဒန်းကျေးရွာမှ အသက်၄၁ နှစ်အရွယ် စစ်ဘေးရှောင်တစ်ဦးမှ ခူမီးမီဒီယာသို့ ဖုန်းဆက်ပြောသည်။
တွီဒန်း၊ ကာကီနှင့် လောင်းမ်ဆွီး ကျေးရွာတို့မှ ဒေသခံပြည်သူများနှင့် IDPs များသည် အာသန်ရိုင်ဖယ် ဂိတ်ကို ကျော်လွန်ပြီးသွားမည်ဆိုပါက ကျေးရွာကောင်စီဥက္ကဌ Village Council President (VCP) ထံမှ ထောက်ခံစာ (အင်္ဂလိပ်ဘာသာဖြင့် ) ရယူပြီးမှသာ သွားလာခွင့်ပြုခြင်းဖြစ်ပြီး လက်ရှိတွင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ နည်းပါးသွားပြီး ပလက်ဝမြို့နယ်အတွင်းတွင် နေထိုင်၍အဆင်မပြေသည့် ဒေသခံပြည်သူများအနေဖြင့် နေရပ်စွန့်ခွာရန်အတွက် အခက်ကြုံနေရကြောင်း သိရသည်။
အိန္ဒိယဗဟိုအစိုးရသည် Free Movement Regime (FMR) ဖျက်သိမ်းပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ နှစ်နိုင်ငံ ဝင်/ထွက်သွားလာခွင့်ကို ကန့်သတ်တင်းကြပ်ထားခြင်းနှင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုးခတ်ခြင်းတို့ကို လုပ်ဆောင်နေသည့်အပြင် ယခု ချင်းပြည်နယ် ပလက်ဝမြို့နယ်အထက်ပိုင်း ကုလားတန်မြစ်ကမ်းနားတွင် အာသန်ရိုင်ဖယ်တပ်ဖွဲ့က စခန်းအထိုင်ချကာ စစ်ဆေးရေးဂိတ်ဖွင့်ပြီး အသွားအလာ တင်းကြပ်လိုက်ခြင်းဖြစ်သည်။
မီဇိုရမ်အခြေစိုက် Zo Re-Unification Organization – ZORO အဖွဲ့မှ အိန္ဒိယဗဟိုအစိုးရသည် FMR ဖျက်သိမ်းပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ နှစ်နိုင်ငံ ဝင်/ထွက်သွားလာခွင့်ကို ကန့်သတ်တင်းကြပ်ထားခြင်းနှင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုးခတ်ခြင်း အစီအစဉ် အမိန့်စာထုတ်ပြန်ချက်မိတ္တူများကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
သတင်း – James Roe