စစ်အာဏာသိမ်းယူပြီး လေးနှစ်အတွင်း ချင်းလူမျိုးများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ
ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၅
ချင်းပြည်နယ် အတွင်းတွင် စစ်အာဏာသိမ်းယူပြီး လေးနှစ်အတွင်း ချင်းလူမျိုးများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ချင်းလူမျိုးများ အသက်သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ လူနေအိမ်များနှင့် အဆောက်အဦးများပျက်စီးဆုံးရှုံးမှု၊ နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
အာဏာသိမ်းမှု လေးနှစ်တာကာလတွင် အကြမ်းဖက် စစ်ကောင်စီတပ်သည် စစ်ရေးရှုံးနိမ့်လာခြင်း၊ စစ်သားအင်အား နည်းပါးလာခြင်း၊ စစ်စခန်းများလက်လွတ် ဆုံးရှုံးရခြင်းနှင့် မြို့သိမ်းတိုက်ပွဲများကြောင့် ကာကွယ်ရေးတပ်ဖွဲ့များရှိသည့် နေရာကို ဦးတည်တိုက်ခိုက်ခြင်းမျိုး မဟုတ်တော့ဘဲ ပြည်သူများရှိသည့် နေရာများကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းကြောင့် ချင်းလူမျိုး ၄၉၁ ဦး အသက်သေဆုံးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂၄၁ ကြိမ်ပြုလုပ်ရာတွင် ဗုံးအလုံးရေ ၁၀၆၁ လုံး ကြဲချတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၂၄၉ ဦး သေဆုံးပြီး ၄၂၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လူနေအိမ် ၁၂၈၀ ကျော်၊ အစိုးရ အဆောက်အဦး ၃၈ လုံးကျော်နှင့် ဘာသာရေးအဆောက်အဦး ၃၉ လုံးထက်မနည်း ပျက်စီးရသည်ဟု သိရသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ မြေမြှုပ်မိုင်း နင်းမိ၍ ချင်းလူမျိုး ၇၇ ဦး သေဆုံးပြီး ၁၀၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး အရပ်သားနေအိမ်များ မီးရှို့ခံရမှုမှာ ၂၀၂၄ ခုနှစ်တွင် ၁၃၀၁ လုံးရှိကာ လူနေအိမ်အဆောက်အဦးပေါင်း ၃၄၇၉ လုံးထက်မနည်း မီးလောင်ပျက်စီးခံခဲ့ရကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်း စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားမှုများကြောင့် အိန္ဒိယသို့ စစ်ဘေးရှောင်သည့် ချင်းလူမျိုး ၆၅၀၀၀ ကျော်နှင့် ချင်းပြည်နယ်အတွင်းတွင် ၁၃၀၀၀၀ ခန့် ရှိကြောင်း ချင်းရေးရာအဖွဲ့ချုပ် ICA ၏ သုတေသနပြုလုပ်ချက်များအရ သိရသည်။
ချင်းပြည်နယ်တွင် မြို့ပေါင်း ၂၀ ရှိသည့်အနက် ယခုလက်ရှိတွင် ရိခေါဒါရ်၊ ရေဇွာ၊ ဝေဘုလ၊ နှာရိန်၊ ဆူရ်ခွါ၊ ပလက်ဝ၊ ဆမီး၊ ကျင်ဒွေ၊ ကျီခါး၊ တွန်းဇံ၊ မတူပီ၊ လိုင်လင်းပီ၊ မကွီအိမ်နူး၊ မင်းတပ်နှင့် ကန်ပက်လက်မြို့ မြို့ပေါင်း ၁၅ မြို့ကို တို့ကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး အာဏာသိမ်းကာလ လေးနှစ်အတွင်း ချင်းညီနောင်တပ်ဖွဲ့ဝင် ၂၅၀ ခန့်ကျဆုံးခဲ့ကာ တပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့ဝင်သည်လည်း ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု အများအပြား ရှိနေသော်လည်း တရားဝင်အသိပေးထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
သတင်း – James Roe