ကလေးမြို့နယ်ရှိ ကျေးရွာငါးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာငါးရွာကို အကြမ်းဖက် စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။
ကလေးမြို့နယ်ရှိ ရန်ကြီးအောင်ကျေးရွာ၊ ဆည်တောကျေးရွာ၊ ကျော်ကျေးရွာ၊ ရှားဖိုကျေးရွာနှင့် တင်သားကျေးရွာ တို့ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ ညပိုင်းမှ စတင်၍ ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းအထိ အကြမ်းဖက် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ပျက်စီးမှုများရှိကာ ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒေသခံများ ထိခိုက်ဒဏ်ရာရမှု အသေးစိတ်အခြေအနေကို အတည်ပြု၍ မရသေးကြောင်း သိရသည်။
“စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ တောက်လျှောက် ရွာငါးရွာကို ပတ်ပြီးတော ဗုံးကြဲချတာ။ မနေ့ညကနဲ့ ဒီနေ့မနက်အထိကို ကြဲချတာ။ ရွာသားတွေအားလုံး ရွာလုံးကျွတ်ပဲ ဘေးလွတ်ရာကို အသက်လုပြီးတော့ ထွက်ပြေးနေရတယ်။ ပြည်သူတွေ သေဆုံးတာတော့ မကြားမိသေးဘူး။ ထိခိုက်ဒဏ်ရာရသူတော့ ရှိပေမယ့် အတည်မပြုနိုင်းသေးဘူး…” ဟု ဒေသခံတစ်ဦးမှ ပြောသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် ကလေးမြို့နယ် ကုက္ကိုလ်ရွာ စာသင်ကျောင်းရှိ ယောဒေသ စစ်ဘေးရှောင်စခန်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် မောင်ဖြိုးမောင်မောင် (အသက် ၅ နှစ်)၊ မဖြူဖြူပွင့် (အသက် ၈ နှစ်)၊ မမဲတူစိန်( အသက် ၁၂ နှစ်)၊ မအိဇင်မိုး(အသက် ၁၇ နှစ်)၊ မသန်းစု(အသက် ၃၆ နှစ်)၊ မမှတ်စာ(အသက် ၂၅ နှစ်)၊ မအေးတင်( အသက် ၄၀ နှစ်)၊ ဒေါ်ချိုမာဝင်း(အသက် ၄၆ နှစ်)နှင့် အမည်မသိ ပြည်သူ ၃ ဦးတို့ အသက်သေဆုံးခဲ့ရကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။
ထပ်မံ၍ ကလေးမြို့တောင်ပိုင်းရှိ ဆည်တောရွာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေး ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦးများ ပျက်စီးခဲ့ရကြောင်းနှင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် နေ့လယ်ပိုင်းတွင်လည်း တင်သားကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ အသက် ၂၃ နှစ်အရွယ်နှင့် အသက် ၅၀ နှစ်အရွယ် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေလျက်ရှိကာ မြို့နယ်အတွင်းရှိ ကျေးရွာများတလျှောက်တွင်လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့များသည် နေ့စဉ်ရက်ဆက် စစ်ကြောင်း ထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း – James Roe