မောင်တောမြိုနယ်တွင် အသက်မပြည့်သေးသည့် အမျိုးသမီးတစ်ဦးနှင့် ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် မြိုလူမျိုး ၁၇ဦးကို အေအေတပ်ဖွဲ့မှ ဖမ်းဆီး

မောင်တောမြိုနယ်တွင် အသက်မပြည့်သေးသည့် အမျိုးသမီးတစ်ဦးနှင့် ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် မြိုလူမျိုး ၁၇ဦးကို အေအေတပ်ဖွဲ့မှ ဖမ်းဆီး

ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၅။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ခုံတိုင်ကျေးရွာမှ အသက်မပြည့်သေးသည့် အမျိုးသမီးတစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် မြိုလူမျိုး ၁၇ ဦးကို အေအေတပ်ဖွဲ့မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မောင်တောဒေသခံများထံမှ သိရသည်။

ခုံတိုင်ကျေးရွာတွင် အေအေတပ်ဖွဲ့အင်အား ၁၀၀ ခန့်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၈နာရီဝန်းကျင်တွင် ရွာကိုဝိုင်းထားကာ ၈နာရီခွဲအချိန်တွင် ရွာထဲသို့ အေအေတပ်သားများသည် အလုံးအရင်းဝင်ရောက်ကာ ရွာသားများကို ဖမ်းဆီးခြင်းပြုလုပ်ရာ ကလေးသူငယ်များနှင့် အမျိုးသမီးများ အပါအဝင် မြိုလူမျိုး ၅၀ ဝန်းကျင် ဖမ်းမိပြီး အမျိုးသမီးများသည် ရုန်းရင်းဆန်ခက်နှင့် ထွက်ပြေးကြပြီးနောက် ၂၀ ဦး ကျန်ရစ်ခဲ့ပြီး ထိုထဲမှ ၁၇ ဦးကို ကားပေါ်တင်၍ ကြိမ်ချောင်းရွာရှိ အေအေးစခန်းသို့ ခေါ်ဆောင်သွားကြောင်း အသက် ၃၉ နှစ်အရွယ်ဒေသခံ အမျိုးသမီးတစ်ဦးထံမှ သိရသည်။

“အေအေက လူ ၂၀ ကို ကားပေါ်တင်ခေါ်တော့ ကလေးအမေ သုံးယောက်လည်း ပါဝင်တယ်။ ကလေးအမေတွေပါလို့ ဝိုင်းပြောတာကို အေအေဘက်က နင်တို့က သူများကလေးကိုခေါ်ပြီး ဟန်ဆောင်နေတာလားလို့ ပြန်ပြောလာတာ၊ မိန်းမတွေအားလုံး ကားကိုဝိုင်းပြီး အဲဒီမိန်းမသုံးယောက်ကို အတင်းပြန်ဆွဲချတော့မှ ကလေးအမေသုံးယောက်ကိုတော့ ပြန်ရလိုက်ပါတယ်။ ရွာသား ၁၇ ယောက်တော့ ပါသွားပါတယ်။ ၁၇ ယောက်ထဲမှာ မိန်းကလေး ၂ယောက်ပါသွားတယ်။ တစ်ယောက်က မင်္ဂလာမဆောင်ရသေးဘူးဆိုပေမယ့် ကိုယ်ဝန်ရှိနေပါတယ်။ သူ့ကို ကိုယ်ဝန်သည်လို့ပြောပေမယ့် အတင်းအဓမ္မ ခေါ်သွားကြတာ။ နောက်မိန်းကလေးတစ်ယောက်က ၁၄ နှစ် ပဲရှိသေးတာ…” ဟု ခုံတိုင်ရွာမှ မြိုလူမျိုးအမျိုးသမီးတစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။

ဖမ်းဆီးခံရသည့်သူများ ပြန်လွတ်ပေးရန်အတွက် ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်တွင် ခုံတိုင်ကျေးရွာမှ ရွာသူ/သားများသည် ရွာအနီးရှိ နယ်မြေမှူးထံ ဆန္ဒပြတောင်းဆိုသော်လည်း သူ့ထံတွင် တာဝန်မရှိကြောင်းပြောပြီး ဆန္ဒပြသည့် လူအုပ်ကို လူစုခွဲသည့်အနေဖြင့် အေအေမှ သေနက်သုံးချက် ပစ်ဖောက်ကာ ခြိမ်းခြောက်ခဲ့သည်ကို သိရသည်။

“အဖမ်းခံရတဲ့ ၁၇ ယောက်ကို ပြန်လွတ်ပေးဖို့ပြောတာကို သူတို့နဲ့မဆိုင်ဘူးတဲ့။ နေ့လည်လောက်မှာ ကြိမ်ချောင်းဌာနကနေ ရောက်လာတဲ့ နိုင်ငံရေးမှူး အောင်ဘော် ဆိုတဲ့လူက အထက်ကအမိန့်အရ လုပ်တာ။ ဖမ်းချင်လို့ဖမ်းတာ၊ ဖမ်းချင်တဲ့သူတွေကိုလည်းဖမ်းမယ် ဆိုပြီးပြောပါတယ်။ မကျေနပ်ရင် အထက်ကို တိုင်လို့ပြောတယ်။ ပြီးတော့ ဆန္ဒပြတဲ့ ဓါတ်ပုံ၊ ဗွီဒီယိုတွေ လိုင်းပေါ်မှာ ပြန့်သွားရင်၊ မီဒီယာမှာ ပါသွားရင်း မင်းတို့တစ်ရွာလုံး ဒုက္ခရောက်မယ်လို့ သူကခြိမ်းခြောက်ပြီးပြောတယ်။ ဖမ်းထားတဲ့ အဲဒီ ၁၇ ယောက်က အခု ကြိမ်ချောင်း အေအေဌာနချုပ်မှာ အဖမ်းခံနေရပါတယ်…” ဟု ခုံတိုင်ကျေးရွာသား အမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

အေအေမှ ပြည်သူစစ် အမှတ်စဉ် ၁ ခေါ်သည့် အချိန်တွင် ခုံတိုင်ရွာသား ၆ ဦး စစ်သင်တန်းတက်ရောက်ခဲ့ပြီး ယခုအထိ တာဝန်ထမ်းဆောင်နေကာ နောက်ထပ် ၂၀၂၅ ခုနှစ်တွင်လည်း စစ်မှူးထမ်းရန် ၅ ဦး သွားရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အေအေတပ်ဖွဲ့မှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် မောင်တောမြို့နယ်မှ မြိုလူမျိုးများနေထိုင်သည့် ရွာများမှ ဖမ်းဆီးထားသူများထဲတွင် ကျန်းမာရေးမကောင်းသည့်သူများနှင့် တစ်အိမ်တည်းမှ နှစ်ယောက်ဖမ်းသွားသည့် သူများထဲမှတစ်ယောက်စီကို ပြန်လွှတ်ပေးခြင်း ရှိသော်လည်း အသက်မပြည့်သည့် ကလေးသူငယ်များကိုမူ လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။

သတင်း – Jame Roe

Leave a Reply

Your email address will not be published. Required fields are marked *