မျက်လုံးအပေါ်နားမှ အကြိတ်လုံး ခွဲစိတ်ကုသစရိတ် အကူအညီလိုအပ်နေ
ဖေဖော်ဝါရီလ ၁၁ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပလက်ချောင်း အောက်ဘောင်းဝီးရွာမှ ဦးဟွေ့ပြည့် အသက် ၇၂ သည် အိုက်ဇောမြို့ရှိ ဆေးရုံတွင် မျက်လုံးအပေါ်နားရှိ အကြိတ်လုံးကို ခွဲစိတ်ကုသရန်အတွက် ခွဲစိတ်ကုသစရိတ် အကူအညီလိုအပ်ကြောင်း သိရသည်။
“မျက်လုံးအပေါ်နားမှာ အကြိတ်သေးသေးလေးကနေ တဖြည်းဖြည်းကြီးလာတာ။ ခုဆို မျက်လုံးကို ဖုံးသွာတဲ့အတွက် မမြင်ရတော့ဘူး။ ခွဲစိတ်ကုသလိုက်ရင်တော့ ပြန်ပြီးမြင်ရမယ်လို ယုံကြည်တယ်။ ရန်ကုန်မှာရှိတဲ့ ညီမတစ်ယောက်ဆီကို အကူအညီတောင်းပေမယ့်လည်း ငွေကြေးအဆင်မပြေဖြစ်နေတဲ့အတွက် ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ မီဇိုရမ် ကာကီကိုရောက်ဖို့အတွက်လည်း လမ်းမှာ အာသန်ရိုင်ဖယ် စစ်ဆေးရေးဂိတ်မှာ ၃ ခါ ပြန်လည့်ခိုင်းတာ။ နောက်ဆုံး ကာကီကလူတွေလာခေါ်မှပဲ ဒီကိုရောက်တာ။ ဒီအကြိတ်ကိုကုသဖို့အတွက် ငွေကြေးလည်းမရှိတော့ စိတ်မကောင်းဘူး…” ဟု ဦးဟွေ့ပြည့်က ခူမီးမီဒီယာသို့ ပြောသည်။
ဦးဟွေ့ပြည့်သည် မျက်လုံးအပေါ်နားတွင် အကြိတ်တည်ရာမှ တဖြည်းဖြည်းကြီးလာပြီး မျက်လုံးကို ဖုံးလာကာ ယခုအချိန်တွင် မျက်လုံးမမြင်ရသည့် အခြေအနေတွင် ရောက်ရှိနေပြီး ခွဲစိတ်ကုသရန်အတွက်လည်း ငွေကြေးမလုံးလောက်သည့်အတွက် မီဇိုရမ်ပြည်နယ် ကာကီစစ်ရှောင်စခန်းရှိ ဦးဟွေ့ယောက်အိမ်တွင် တည်းခိုနေသည်ကို သိရသည်။
အိုက်ဇောဆေးရုံတွင် ခွဲစိတ်ကုသရန်အတွက် ခွဲစိတ်ကုသစရိတ်အခက်အခဲ ကြုံတွေ့နေရပါသဖြင့် ပြည်တွင်း/ပြည်ပရှိ ရွာသူရွာသား၊ ဆွေမျိုး၊ အသိမိတ်ဆွေများနှင့် အလှူရှင်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းများမှ ကူညီပေးကြပါရန် လူနာကိုယ်စား ကာကီစစ်ရှောင်စခန်းမှ တာဝန်ရှိသူများက အကူအညီတောင်းခံထားကြောင်း သိရသည်။
ဦးဟွေ့ပြည့် အတွက် ဆေးကုသစရိတ် လှူဒါန်းလိုပါက-
ph- +91 6909122662 သို့ တိုက်ရိုက်ဖုန်းအဆက်အသွယ်ပြုလုပ်၍ လှူဒါန်းပါဝင်နိုင်ကြောင်း သိရသည်။
ဓါတ်ပုံ- ဦးဟွေ့ပြည့် ပုံ။
သတင်း- James Roe