ကက်သလစ်ဘုန်းတော်ကြီး(အငြိမ်းစား) တစ်ပါးကို CDF-Mindat မှ ဖမ်းဆီး
ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၅။
ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့နယ် ဖွီကျေးရွာအုပ်စု၊ အမ်လောင်းကျေးရွာတွင် နေထိုင်သည့် ကက်သလစ်ဘုန်းတော်ကြီး (အငြိမ်းစား) Fr.ကီးဟုန်းကို CDF-Mindat တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ကက်သလစ်ဘုန်းတော်ကြီး(အငြိမ်းစား) Fr. ကီးဟုန်းကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် အမ်လောင်းကျေးရွာရှိ သူ၏နေအိမ်တွင် CDF-Mindat တပ်ဖွဲ့မှ လာရောက်ဖမ်းဆီးသွားပြီး ယခုလက်ရှိတွင် မင်းတပ်မြို့ပေါ်တွင် ထိန်းသိမ်းထားကာ မိသားစုဝင်များနှင့် တွေ့ခွင့်မပေးကြောင်း ဒေသခံများထံမှ သိရသည်။
CDF-Mindat တပ်ဖွဲ့ဝင်များသည် အမ်လောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားမှု ရှိသော်လည်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ပြီး ဘုန်းတော်ကြီး (အငြိမ်းစား) Fr.ကီးဟုန်းကိုမူ ယနေ့အထိ ဆက်လက်ဖမ်းဆီးထားပြီး သူသည် ချင်းလဲန်းကောင်စီ၊ မင်းတပ်ကောင်စီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်သူဖြစ်ကာ ပြီးခဲ့သည့် လကုန်ပိုင်းတွင် ချင်းလဲန်းကောင်စီ အစည်းအဝေးတွင် တက်ရောက်ခဲ့ခြင်းနှင့် ပတ်သက်ဆက်နွယ်၍ ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း – James Roe