ကလေးမြို့နယ်တောင်ပိုင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က ဗုံးအလုံးရေ ၄၀ နီးပါး ဗုံးကြဲတိုက်ခိုက်
ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကမ်းပါးနီဘက်သို့ အကြမ်းဖက် စစ်ကောင်စီတပ်က ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းဖြင့် ဗုံးအလုံးရေ ၃၇ လုံး ကြဲချတိုက်ခိုက်သွားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ကလေးမြို့နယ်တောင်ပိုင်းရှိ ကမ်းပါးနီဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ တံတားဦးလေတပ်မှ Y-12 လေယာဉ်အမျိုးအစားဖြင့် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ သန်းခေါင်ယံအချိန် ၁၂ နာရီ ၁ မိနစ် မှစ၍ ၁၂ နာရီ ၃၅ မိနစ်ထိ ဗုံးသီးအတွဲလိုက်ကြဲချကာ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် ၁ နာရီ ၂၅ မိနစ်အချိန်တွင် တံတားဦးဘက်သို့ ပြန်ဆင်းသွားကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။
ကလေးနယ်တောင်ပိုင်း တစ်နေရာတွင် တံတားဦးလေတပ်မှ Y-12 စစ်ထောက်ပို့၊ ဗုံးကြဲလေယာဉ် တစ်စီးဖြင့် နံနက် ၁၂နာရီ ၁မိနစ်တွင် နှစ်လုံး ၊ ၁၂နာရီ ၄ မိနစ်တွင် လေးလုံး ၊ ၁၂နာရီ ၈မိနစ်တွင် လေးလုံး ၊ ၁၂နာရီ ၁၁မိနစ်တွင်သုံးလုံး ၊ ၁၂နာရီ ၁၄မိနစ်တွင် လေးလုံး၊ ၁၂နာရီ ၁၇မိနစ်တွင် သုံးလုံး၊ ၁၂နာရီ ၂၀မိနစ်တွင် သုံးလုံး ၊ ၁၂နာရီ ၂၃မိနစ်တွင် သုံးလုံး၊ ၁၂နာရီ ၂၆မိနစ်တွင် သုံးလုံး၊ ၁၂ နာရီ ၂၉ မိနစ်တွင် လေးလုံး၊ ၁၂နာရီ ၃၃ မိနစ်တွင် သုံးလုံး၊ ၁၂ နာရီ ၃၆ မိနစ် သုံးလုံး၊ စုစုပေါင်း ဗုံးသီး ၃၇ လုံးဝန်းကျင်ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကလေးမြို့နယ်တောင်ပိုင်း စစ်ဘေးရှောင်ရွာများဖြစ်သည့် တင်သားကျေးရွာနှင့် ကုက္ကိုလ်ကျေးရွာတို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ကလေးငယ်များအပါအဝင် ပြည်သူ ကိုးဦးသေဆုံးခဲ့ပြီး ကလေးမြို့တောင်ပိုင်းရှိ ဆည်တောရွာကိုလည်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ထပ်မံ၍ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေး ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦးများ ပျက်စီးခဲ့ရကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် ထပ်မံ၍ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် နေ့လယ်ပိုင်းတွင်လည်း တင်သားကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ အသက် ၂၃ နှစ်အရွယ်နှင့် အသက် ၅၀ နှစ်အရွယ် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုရှိပြီး ကလေးမြို့နယ်ရှိ ရန်ကြီးအောင်ကျေးရွာ၊ ဆည်တောကျေးရွာ၊ ကျော်ကျေးရွာ၊ ရှားဖိုကျေးရွာနှင့် တင်သားကျေးရွာ တို့ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ ညပိုင်းမှ စတင်၍ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းအထိ နှစ်ရက်ဆက်တိုက် လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ပျက်စီးမှုများရှိကာ ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေလျက်ရှိကာ မြို့နယ်အတွင်းရှိ ကျေးရွာများတလျှောက်တွင်လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့များသည် နေ့စဉ်ရက်ဆက် ယနေ့အထိ စစ်ကြောင်း ထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း – James Roe