အင်အားတည်ဆောက်ချိန်တန်ပြီ
(၁)
ပလက်ဝအရေးသည် ချင်းအရေး၊ ပြည်ထောင်စုအရေးဖြစ်သည် မှန်သော်လည်း ဌာနေဒေသခံ လူမျိုးစု ၏ ရပ်တည်မှုအင်အားသည် အဓိကသော့ချက် ဖြစ်သည်။ ဒေသခံပြည်သူသည် စည်းလုံးညီညွတ်မှုနှင့် အင်အားပါဝါ မရှိပါက မိမိ၏အခွင့်အရေးအတွက် ကြီးကြီးမားမား ပေးဆပ်ရပါမည်။ ပါဝါအင်အား ကြီးသူကို မယှဉ်နိုင်လျှင် ပါဝါအင်အားကြီးသူ၏ ဒဏ်ခက်ပိတ်ဆို့မှုနှင့် လက်ဝါးကြီးအုပ်မှု ခံရမည်မှာ ဓမ္မတာဖြစ်သည်။ ထို့ကြောင့် ခူမီးမျိုးနွယ်စုများအနေဖြင့် ပလက်ဝမြို့နှင့် ခူမီးမျိုးနွယ်စုသည် တခြား လူမျိုးစုတို့၏ လက်ဝါးကြီးအုပ်စိုးမှု၊ ဖိနှိပ်မှုနှင့် ရန်လိုရန်စမှုကို ကာကွယ်နိုင်ရေး တစ်ခုတည်းသော နိုင်ငံရေးပလက်ဖောင်းကို တည်ဆောက်ပြီး အိမ်နီးချင်းများနှင့်အပြိုင် နိုင်ငံရေးပါဝါ တည်ဆောက်သင့် သည်။
(၂)
မိမိလူမျိုး၊ မိမိဒေသ၏ အချုပ်အခြာအာဏာစက်ကို တခြားသောအဖွဲ့အစည်း သို့မဟုတ် တစ်ပါး အမျိုးသားထံ လုံးဝမအပ်နှင်းသင့်ပေ။ သို့မဟုတ်ပါက တစ်ပါးသူထံ ကိုယ်တိုင် အပ်နှင်းထားသည့် အချုပ်အခြာအာဏာသည်ပင် မိမိအပေါ် အာဏာရှင်ဆန်တက်သည်ကို သတိချပ်ရမည်။ ထို့အပြင် မိမိ ဒေသနှင့်လူမျိုးတို့၏ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးကို အပြည့်အဝ ကာကွယ်နိုင်ရေးအ တွက်လည်း မိမိတို့၏အစိုးရနှင့် ကာကွယ်ရေးအင်အားကောင်းရန် လိုအပ်သည်။ သို့မှသာ မိမိတို့၏ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးကို ထိပါးသည့်ရန်မှ ကာကွယ်နိုင်မည်ဖြစ်သကဲ့သို့ တစ်ပါးအမျိုးသားတို့၏ နယ်ချဲ့ကျူးကျော်ခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်း၊ ရန်လိုရန်စခြင်းနှင့် လက်ဝါးကြီးအုပ်စိုးခြင်းမှ ကာကွယ်နိုင်မည်။
(၃)
နိုင်ငံကြီးများနှင့် နယ်နိမိတ်ထိစပ်သည့်အပြင် ရခိုင်ပြည်နယ်နှင့် ပထဝီနယ်မြေ အနေအထား ဆက်စပ်မှုအရ ပလက်ဝသည် ချင်းပြည်နယ်ထဲတွင် ကာကွယ်ရေးနှင့် လုံခြုံရေးအင်အား အကောင်းဆုံးရှိရန် လိုအပ်သည့်ဒေသတစ်ခု ဖြစ်သည်။ သို့မှသာ အိမ်နီးချင်းစိန်ခေါ်မှုများနှင့် ဒေသတွင်းစိန်ခေါ်မှုများကို ကာကွယ်နိုင်မည်။ ကာကွယ်ရေးနှင့် လုံခြုံရေးအင်အား အကောင်းဆုံး တည်ဆောက်ရမည့် တာဝန်မှာလည်း မိမိတို့၌သာ တာဝန်ရှိပြီး ထိုတာဝန်သည် ကျွန်ုပ်တို့၏ အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ကြောင်း ခံယူရပါမည်။
(၄)
လက်ရှိနိုင်ငံရေးတွင် လူမျိုးတစ်စုနှင့်တစ်စုအကြား နယ်မြေဒေသပိုင်ဆိုင်မှုနှင့် အငြင်းပွားသည့် ပြဿနာများမှာ ဟိုးလေးတကျော် ဖြစ်နေကြသည်ကို အားလုံးအသိပင်ဖြစ်သည်။ စစ်အာဏာရှင်ကို တော်လှန်ရင်း စစ်အာဏာရှင်စနစ်နှင့် ညီမျှခြင်း ဖြစ်ကုန်ကြသည်ဟု ဆိုရပါမည်။ ထိုသို့ တိုင်းရင်းသားညီအစ်ကို အချင်းချင်း၏ အာဏာရှင်ဆန်မှု သို့မဟုတ် အချင်းချင်းရန်လိုရန်စမှုကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ မိမိကိုယ်ကိုယ် အင်အားတည်ဆောက်ခြင်း တစ်ခုတည်းသာ ဖြစ်သည်။
(၅)
ယခုအခါ ချင်းပြည်နယ်တွင်လည်း နှစ်ပေါင်းများစွာ အတူနေထိုင်လာသည့် မျိုးနွယ်စုအချင်းချင်း တိုက်ခိုက်မှု၊ ဖိနှိပ်မှုများ ရှိလာရာ အချင်းချင်းကြား ယုံကြည်စိတ်ချရန်ပင် ခဲယဉ်းလာပြီ ဖြစ်သည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် မိမိအစိုးရ၊ မိမိကာကွယ်ရေးနှင့် လုံခြုံရေးတပ်အင်အား တည်ဆောက်ရန် လိုအပ်ပြီကြောင်း အချက်ပြနေပြီ ဖြစ်သည်။
(၆)
ပလက်ဝသည် ၁၉၄၇ မှ ၂၀၁၀ ခုနှစ် အထိ ပြည်နယ်အစိုးရအဆင့်နှင့် ပြည်ထောင်စုအစိုးရအဆင့်တွင် နိုင်ငံရေး ကိုယ်စားပြုမှု မရခဲ့ပေ။ ထိုသို့ ပလက်ဝဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် နိုင်ငံရေးကိုယ်စားပြုမှု မရခြင်းမှာ မိမိတို့၏ အမျိုးသားနိုင်ငံရေး၊ ပါတီနိုင်ငံရေးအင်အား မရှိခြင်းကြောင့် ဖြစ်သည်။ ထိုသို့သော ရှေ့စာမျက်နှာတွင် သင်ခန်းစာရှိဖူးပြီဖြစ်ရာ ရှေ့စာမျက်နှာအတွက် မျက်နှာမငယ်ရအောင် စည်းစည်းလုံးလုံး ကြိုးပမ်းဆောင်ရွက်ရန် လိုသည်။
(၇)
ဒီမိုကရေစီ ဘိုးအေကြီးဖြစ်သည့် အမေရိကန်ပင် ယနေ့ မိမိအပင်ကိုသာ ရေလောင်းပေါင်းသင်နေကြောင်း မြင်ရပြီ ဖြစ်သည်။ ထိုသို့ စူပါပါဝါကြီးနိုင်ငံတောင် ကမ္ဘာကြီး၏ စိန်ခေါ်မှုအမျိုးမျိုးကြောင့် မိမိအပင်ကိုသာ ရေလောင်းပေါင်းသင်နေကြပြီဆိုသော် လူနည်းစုဖြစ်သည့် ကျနော်တို့သည် မိမိအပင်ကို ရေလောင်းပေါင်းသင်ရန် မည်မျှလိုအပ်ကြောင်း ပြောစရာမလိုအပ်တော့ပေ။
(၈)
ယနေ့ ကမ္ဘာတွင် လူနည်းစုအပေါ် ရန်လိုရန်စမှု နည်းမျိုးစုံဖန်တီးပြီး နိုင်ထက်စီးနင်း နေကြသည်မှာ အားလုံးအသိပင် ဖြစ်သည်။ လူမျိုးကြီးတို့၏ အာဏာရှင်ဆန် ဗိုလ်ကျမှုကို ဒီမိုကရေစီနိုင်ငံ မဟုတ်သေးသည့် ကျွန်ုပ်တို့မြန်မာနိုင်ငံရှိ လူနည်းစုတို့သည် အထူးဂရုစိုက်ရပေမည်။ ကမ္ဘာကြီးတွင် စိန်ခေါ်မှုအမျိုးမျိုး တစ်နေ့တစ်ခြား ကြီးထွားလာစဉ် ကျွန်ုပ်တို့ကိုယ်တိုင် မိမိကိုယ်ကိုယ်ကာကွယ်ရန် တင်ကြိုပြင်ဆင်မှု မပြုလုပ်ပါက နောင်မျိုးဆက်သစ်များ ဒုက္ခစက်ကွင်းထဲတွင် ရှင်သန်နေရမည်မှာ မြေကြီးလက်ခက်မလွဲပေ။
(၉)
မိမိသည် ရန်သူကိုတုန့်ပြန်နိုင်ရန်၊ ဟန့်တားနိုင်ရန်၊ သံခင်းတမန်ခင်း ဆက်ဆံရေး ကောင်းမွန်ရန် မိမိတို့ထံတွင် လုံလောက်သည့် ကာကွယ်ရေးနှင့် လုံခြုံရေး အင်အားရှိရန် လိုအပ်သည်ဖြစ်ရာ မိမိတို့၏ နိုင်ငံရေးပါဝါ၊ အုပ်ချုပ်ရေးပါဝါ၊ ကာကွယ်ရေးနှင့် လုံခြုံရေးပါဝါကို စူပါပါဝါဖြစ်အောင် ကြိုးပမ်းတည်ဆောက်ကြပါစို့ဟု အလေးအနက် တိုက်တွန်းအပ်ပါသည်။
Aiman