ကာကီစစ်ရှောင်စခန်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခြင်း သက်သာလာ
ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၅။
မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီကျေးရွာရှိ စစ်ရှောင်စခန်းအတွင်း ကလေးသူငယ်များအပါအဝင် လူကြီးတချို့သည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်၍ လူ ၄၀ ဦး ကျော် ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါ ဖြစ်ပွားရာမှ ပြန်လည်၍ သက်သာလာကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူထံမှ သိရသည်။
စစ်ရှောင်စခန်းအတွင်းတွင် ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါသည် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်ဖြစ်ပွား၍ ကလေးသူငယ် ၂၀ ဦးနှင့် လူကြီး ၂၁ ဦး စုစုပေါင်း ၄၁ ဦး ကူးစပ်ခဲ့ပြီး ယခုတစ်ပတ်အတွင်းတွင် ပြန်လည်၍ ရောဂါသက်သာလာခဲ့ပြီဖြစ်ကြောင်း၊ ရောက်ဂါဖြစ်ပွားမှုနှုန်း လျော့ကျသွားသော်လည်း ၁၀ ဦးအောက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နေသူ ကျန်ရှိသေးသော်လည်း မစိုးရိမ်ရသည့်အခြေအနေတွင် ရှိနေပြီး လောင်တလိုင်မှ ဆေးဆရာမ ၂ ဦးမှ လာရောက်၍ ကုသပေးခဲ့ကြောင်း ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကာကီစစ်ရှောင်စခန်း တာဝန်ရှိသူထံမှ သိရသည်။
“လောင်တလိုင်ကနေလာတဲ့ ဆရာမ ၂ယောက် ရောက်တော့ ဆေးကုပေးတယ်။ အခုတော့ သက်သာလာပြီ။ ဒါပေမယ့် နည်းနည်းပါးပါး ဝမ်းသွားနေတဲ့သူတော့ ၁၀ ယောက် ဝန်းကျင်မှာတော့ရှိသေးတယ်။ မစိုးရိမ်ရတော့ဘူး။ ဖြစ်တာက ရေမသန့်တာကြောင့်ဖြစ်တာ။ ရေကို ကာကီစစ်ရှောင်စခန်း အလယ်က ချောင်းကပဲ တစ်ရွာလုံးခပ်သုံးတာ။ ချောင်းက အမှိုက်တွေနဲ့ဆိုတော့ ရေမသန့်ဘူး။ တကယ်တော့ ရေကိုချောင်းဖျားဖက်မှာ ပိုက်နဲ့သွယ်ပြီး ရွာမှာကန်ဆောက်ရင်ကောင်းမှာ။ ရွာကနေ ကိုယ်ထူကိုယ်ထ ပိုက်ဝယ်ပြီး သွယ်ဖို့နဲ့ ကန်ဆောက်ဖို့ကျတော့ ငွေကြေးကအဆင်မပြေကြဘူး။ လုပ်အားကတော့ အားလုံးဝိုင်းဝန်းပြီး လုပ်ရင်တော့ရတယ် ဆိုပေမယ့် ရေပိုက်ဝယ်ဖို့နဲ့ ကန်ဆောက်ဖို့အတွက်က အကူအညီလိုအပ်နေပါတယ်…” လို့ ကာကီစစ်ရှောင်စခန်းတာဝန်ခံမှ ခူမီးမီဒီယာသို့ ဖုန်းဆက်ပြောသည်။
ယခုလို ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံခဲ့ရခြင်းသည် ရွာလယ်မတွင် ရှိသည့် မသန့်ရှင်းသောချောင်းရေကို သုံးစွဲရာမှ တစ်ရွာလုံးရောဂါကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ကာကီစစ်ရှောင်ပြည်သူများအတွက် ချောင်းအတွင်းပိုင်းမှ ရေပိုက်သွယ်ယူနိုင်ရန် ရေပိုက်လိုအပ်နေခြင်းနှင့် ရေကန်ဆောက်လုပ်ရန်အတွက် လိုအပ်နေကာ အလှူရှင်များမှ အကူအညီအထောက်အပံ့များ လိုအပ်နေကြောင်း စစ်ရှောင်စခန်းတာဝန်ခံထံမှ သိရသည်။
သတင်း – Jame Roe