တွီဒန်းစစ်ရှောင်စခန်းတွင်း ဖျားနာပြီးနောက် ခြေထောက်ထုံကျဉ်ဝေဒနာခံစားနေရ

တွီဒန်းစစ်ရှောင်စခန်းတွင်း ဖျားနာပြီးနောက် ခြေထောက်ထုံကျဉ်ဝေဒနာခံစားနေရ

‌ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၂၅။

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် တွီဒန်းကျေးရွာရှိ ပလက်ဝမြို့နယ်မှ စစ်ရှောင်ပြည်သူများသည် ဖျားနာပြီးနောက် ခြေထောက်ထုံကျဉ်ကာ လမ်းလျှောက်ရန်တွင် အခက်အခဲဖြစ်နေကြောင်း စစ်ရှောင်စခန်းတာဝန်ခံထံမှ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် သိရသည်။

“ပြီးခဲတဲ့တစ်ပတ်က ဖျားတယ်။ အခုတော့ အဖျားတော့ကောင်းသွားပြီ။ ဒါပေမယ့် ခြေထောက်က ထုံနေတော့ လမ်းသိပ်မလျှောက်နိုင်ဘူး။ ဒီလိုဖြစ်တာ စစ်ရှောင်စခန်းမှာရှိတဲ့ အိမ်တိုင်းနီးပါးဖြစ်ကြတာ။ ဖြစ်တာက ခုကတည်းက မဟုတ်တော့ဘူး။ မိုးရာသီကတည်းကဖြစ်ကြတာ…”  ဟု စစ်ရှောင်စခန်းတာဝန်ခံမှ ခူမီးမီဒီယာသို့ ပြောသည်။

တွီဒန်းစစ်ရှောင်စခန်းတွင် စစ်ရှောင်ပြည်သူများသည် ဖျားနာပြီးနောက်တွင် ခြေထောက်ထုံကျဉ်ကာ လမ်းလျှောက်ရာတွင် ခြေမခိုင်ပဲဖြစ်နေကြကာ တစ်အိမ်တစ်ယောက်နှုန်းနီးပါး ယခုကဲသို့ဖြစ်နေကြပြီး ဆေးဝါးနှင့် ဆေးဘက်ကျွမ်းကျင်သူများ အကူအညီ လိုအပ်နေကြောင်း စစ်ရှောင်စခန်းတာဝန်ခံထံမှ သိရသည်။

“ကျောင်းသားကလေးတစ်ယောက်ဆိုရင် မိုးရာသီကတည်းက ဖျားနာပြီးတော့ သက်သာလာတဲ့နောက်မှာ လမ်းမလျှောက်နိုင်ဘဲ ဖြစ်တာ။ အခုထိ မသက်လာသေးဘူး။ တစ်ယောက်ယောက်က တွဲကူရတာမျိုး လုပ်ပေးရတယ်။ ခြောက်လဝန်းကျင်လောက် ရှိနေပြီ။ စစ်ရှောင်စခန်းမှာ ဒီရက်ပိုင်း လူတော်တော်များများ ဖျားပြီးတော့ ခြေထောက်ထုံကျင်ပြီးတော့ လမ်းသိပ်မလျှောက်နိုင် ဖြစ်နေကြတယ်…” ဟု ကျောင်းဆရာတစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။

တွီဒန်းကျေးရွာ စစ်ရှောင်စခန်းတွင် ယခုလက်ရှိတွင် ကျေးရွာအာဏာပိုင်များမှ ချပေးထားသည့်နေရာတွင် ကိုယ်ထူကိုယ်ထ အိမ်အသစ်ဆောက်လုပ်နေကြပြီး နေမကောင်းဖျားနာနေကြသူများလည်း ရှိနေကြောင်း တွီဒန်းစစ်ရှောင်စခန်း တာဝန်ခံများထံမှ သိရသည်။

တွီဒန်းစစ်ရှောင်စခန်းတွင် ပလက်ဝမြို့နယ်မှ စစ်ရှောင်ပြည်သူများသည် အိမ်ထောင်စု ၂၇၃ စု ရှိပြီး အမျိုးသား ၅၈၆ ဦး၊ အမျိုးသမီး ၆၇၄ ဦး စုစုပေါင်းလူဦးရေ ၁၂၆၀ ဦး ရောက်ရှိနေထိုင်နေကြကြောင်း စစ်ရှောင်စခန်းတာဝန်ခံထံမှ သိရသည်။

သတင်း – James Roe

Photo by Salai Benjamin

ပုံစာ – မီဇိုရမ်ပြည်နယ် တွီဒန်းကျေးရွာ စစ်ရှောင်စခန်း

Leave a Reply

Your email address will not be published. Required fields are marked *