သံဖိုနှင့် ကျော်ရွာတို့ကို အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းဘေးတွင် ရှိသည့် ချင်းလူမျိုးများနေထိုင်သော သံဖိုနှင့် ကျော်ရွာတို့ကို ဖေဖော်ဝါရီလ ၁၄ ရက်ညပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူ ၁၀ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ကလေးမြို့မှ မိုင် ၂၀ ခန့်ဝေးသည့် ချင်းလူမျိုးများ နေထိုင်သော သံဖိုကျေးရွာရှိ အရပ်သားပြည်သူများအိမ်ကို ဖေဖော်ဝါရီလ ၁၄ ရက်ည ၁၀ နာရီဝန်းကျင်နှင့် ည ၇ နာရီဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗုံးကြဲချသောကြောင့် ၇ ရက်သားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦးသေဆုံးပြီး ၆ ယောက်ဒဏ်ရာရရှိကာ လူနေအိမ် ၁၄ လုံးပျက်စီးခဲ့ပြီး သံဖိုကျေးရွာနှင့် ၅ မိုင်လောက်ဝေးသည့် ကျော်ကျေးရွာရှိ ဆေးပေးခန်းကို ဗုံးကျရောက်ထိမှန်ခဲ့သောကြောင့် ဒေသခံများ သေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသည့် ကမ်းပါးနီတံတားအနီးတွင်ရှိသော ဆည်တောရွာသားတစ်ဝတ်သည် သံဖိုရွာကို စစ်ဘေးရှောင်နေကြပြီး တိုက်ပွဲမဖြစ်ပွားသည့် ကလေးတောင်ပိုင်း ရွာများအားလုံးကို အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေး – ဂန့်ဂေါ ကားလမ်းဘေးမှာရှိသည့ နတ်ချောင်း၊ ချောင်းခွ၊ တင်သား၊ ဟားခါးလေး၊ နတ်မြောင်း၊ ထောက်ကြန့်၊ ကြံသာ၊ ကျော်ရွာ၊ အရှေ့စည်း၊ မြောက်စည်း၊ သံဖို စသည့် ကျေးရွာတော်တော်များများရှိ ဒေသခံပြည်သူထောင်ချီ တောတောင်များထဲတွင် ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၁၄ ရက်တစ်ရက်တည်းတွင် ကလေးမြို့နယ်တောင်ပိုင်းရှိ နတ်ချောင်းကျေးရွာ တိုက်နယ်ဆေးရုံကို မနက်ပိုင်း ၁၀ နာရီခန့်တွင် ဗုံးကြဲချတိုက်ခိုက်ခဲ့သည်နည်းတူ ဖလမ်းမြို့နယ် Zanniatram ဒေသ ဝေဘူလမြို့ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနှင့် ပြီးခဲ့သည့် ဇန်နနဝါရီလ ၃၁ ရက်နေ့တွင်လည်း ကလေးတောင်ပိုင်း ကုက္ကိုလ်ကျေးရွာက စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲခဲ့သောကြောင့် အရပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
သတင်း – James Roe