ကလေးမြို့နယ်နဲ့ မုံရွာမြို့နယ်တွင် သုံးရက်အတွင်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိ
ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် မုံရွာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ အထိ သုံးရက်တာအတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၂၁၂ ကြိမ် ပြုလုပ်ခဲ့ခြင်းကြောင့် ကလေးငယ် ၆ ဦးအပါအဝင် ဒေသခံပြည်သူ ၁၅ ဦး သေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၉၄ ကြိမ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကလေးမြို့နယ်တောင်ပိုင်း ကမ်းပါးနီ စစ်ကောင်စီတပ်စခန်းအနီးရှိ ဟားခါးလေးရွာ၊ ရှာဖိုရွာ၊ အရှေ့စည်းရွာ၊ ဒိုးနွယ်ရွာများကို ဗုံးအလုံးရေ ၄၀ လုံး၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် နတ်ချောင်းတိုက်နယ်ဆေးရုံကို ဗုံးအလုံးရေ ၃၀ ကျော်တိုက်ခိုက်ခဲ့ကာ ညပိုင်းတွင်လည်း သံဖိုရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်ကို သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် တိုက်ခိုက်မှုများအပြင် ဟောက်ဝှစ်ဇာနှင့် လက်နက်ကြီးများအသုံးပြု၍ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ အရပ်သားပြည်သူများနေအိမ်၊ စစ်ရှောင်စခန်းများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြသည်ကို သိရသည်။
အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ အမြန်ဆုံးရပ်တန့်နိုင်ရန် လေယာဉ်ဆီ အပါအဝင် စစ်လက်နက်ပစ္စည်းများ၊ နည်းပညာများ၊ အထောက်အကူပြုပစ္စည်းများ ရောင်းချပေးနေမှုကို အမြန်ဆုံးရပ်တန့်ပေးရန်နှင့် နိုင်ငံတကာရာဇတ်ဝတ်မှုများ ပိုမိုဆိုးရွားစွာ ကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံးအရေးယူမှုများ လုပ်ဆောင်ပေးရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများကို တောင်းဆိုကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်မှုတွေကြောင့် ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါ ကားလမ်းနံဘေးတွင်ရှိသည့် ကျေးရွာ ၁၀ ကျော်မှ ဒေသခံပြည်သူ တစ်သောင်းခန့်တို့သည့် တောတောင်များထဲတွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
သတင်း – James Roe