မင်းသာနှင့် ကျွန်းပင်သာကျေးရွာတို့ကို စစ်ကောင်စီတပ်များမှ ထပ်မံ၍ မီးရှို့ဖျက်ဆီး
ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မင်းသာနှင့် ကျွန်းပင်သာကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် ထပ်မံ၍ လေးကြိမ်မြောက် မီးရှိုဖျက်ဆီးကြောင်း ဒေသခံများထံမှ သိရသည်။
မင်းသာနှင့် ကျွန်းပင်သာကျေးရွာတွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ဒေသခံပြည်သူများ၏နေအိမ်များကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက် ၁၁ နာရီမှ ညနေ ၆ နာရီအထိ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေကြသည်ကို ဒေသခံများထံမှ သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်များသည် မင်းသာနှင့် ကျွန်းပင်သာကျေးရွာရှိ ဒေသခံပြည်သူများ၏နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေကြသည်မှာ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ၃ ရက်၊ ဖေဖော်ဝါရီ ၆ ရက်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့နှင့် ၁၆ ရက်နေ့ အထိဖြစ်ပြီး ယခုနှစ်အတွင်း လေးကြိမ် ရှိသွားပြီဖြစ်ကြောင်း သိရသည်။
တမူးမြို့နယ်အထက်ပိုင်းရှိ မင်းသာ၊ ကျွန်းပင်သာကျေးရွာနှင့် တမူးအောက်ပိုင်း ပန်းသာကျေးရွာတို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပျူစောထီး၊ SNA တပ်ဖွဲ့၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-IM) တပ်ဖွဲ့၊ ကသည်းတပ်ဖွဲ့ (PLA) ပူးပေါင်းတပ်များ အခြေချတပ်စွဲထားပြီး ယခုရက်ပိုင်းတွင် တမူးအထက်ပိုင်း မင်းသာနှင့် ကျွန်းပင်သာကျေးရွာ၊ တမူးအောက်ပိုင်းရှိ ပန်းသာကျေးရွာတို့တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုများ ငြိမ်သက်နေကြောင်း သိရသည်။
သတင်း – James Roe