ချင်းအမျိုးသားနေ့နှင့် ယနေ့တော်လှန်ရေးလားရာ
ချင်းအမျိုးသားနေ့ဆိုသည်မှာ –
ချင်းအမျိုးသားနေ့ဆိုသည်မှာ ဘာသာစကား၊ ရိုးရာယဥ်ကျေးမှုနှင့် လူမျိုးဆင်းသတ်လာပုံ စသည့် တူညီချက်များကို အခြေခံပြီး လိုင်မီး၊ ခူမီး၊ ဇိုမီး၊ မတူ၊ ဇို၊ အရှို၊ ချိုး စသည့် ချင်းအုပ်စုကြီး အားလုံးတို့၏ စည်းလုံးညီညွတ်မှုနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ကိုယ်ပိုင်လက္ခဏာများနှင့် ဘုံလက္ခဏာများကို ကာကွယ်ထိန်းသိမ်းရန်နှင့် ပြဌာန်းနိုင်ရေး သန္ဓေတည်နိုင်ခဲ့သည့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကျင်းပသည့် ပထမအကြိမ် ချင်းအမျိုးသားညီလာခံကို ဆိုလိုရင်းဖြစ်သည်။
တနည်းအားဖြင့်ဆိုရသော် နှစ်ပေါင်းများစွာ ဝေးကွာခဲ့သည့် တစ်အူထုံးဆင်း ညီအစ်ကိုရင်း တစ်မိသားစုတည်းအဖြစ် ပြန်လည်စုစည်းနေထိုင်ရန် တည်ဆောက်သည့်နေ့ဖြစ်သည်။ ထိုနေ့စွဲကို နှစ်စဉ်နှစ်တိုင်း ညီအစ်ကို(ချင်း ၅၃) မျိုးနွယ်စုသည် ဂုဏ်ယူဝမ်းမြောက်စွာ ချင်းတောင်ပေါ်ခေါင်ရည်များ၊ နွားနောက်သားများနှင့် ပျော်ပွဲရွှင်ပွဲကျင်းပပြီး တည်ခင်းကျွေးမွေးကာ အတူတကွ နွှဲ့ပျော်လျက် ရှိသည်။ ထိုသို့ နှစ်စဉ်နှစ်တိုင်း ဂုဏ်ယူဝမ်းမြောက်စွာ ချင်းအမျိုးသားနေ့ ကျင်းပလျက်ရှိရာ ယခုနှစ်တွင် (၇၇) ကြိမ်မြောက် ရောက်ရှိလာပြီဖြစ်သည်။ ကျနော်တို့ချင်းလူမျိုး (We are One in Chin) ရပ်တည်ကြသည်မှာလည်း နှစ်ပေါင်း (၇၇) နှစ် ရောက်ရှိလာပြီ ဖြစ်သည်။
ထိုသို့ မွန်မြတ်လှသော နေ့ထူးနေ့မြတ်ပွဲနေ့တွင် မြန်မာနိုင်ငံတွင်းရှိ ချင်းလူမျိုးများသာမက ကမ္ဘာ့အနယ်နယ် အရပ်ရပ်ရှိ ချင်းလူမျိုးများက ရောင်စုံ ချင်းရိုးရာဝတ်စုံမျိုးစုံ၊ တေးသီချင်းမျိုးစုံ၊ အကမျိုးစုံဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။ ဤပွဲနေ့မြတ်သည် ကမ္ဘာတည်သရွေ့ ချင်းမျိုးဆက်သစ်များ မဖြစ်မနေ ထိန်းသိမ်းစောင့်ရှောက်သင့်အပ်သည့် နေ့တစ်နေ့ပင် ဖြစ်သည်။ ထိုမှသာ ချင်းအမျိုးသား ရင်ကြားစေ့ရေးနှင့် ချင်းအမျိုးသားရေး စည်းလုံးညီညွတ်မှုကို ခိုင်မြဲစွာ ထိန်းသိမ်းနိုင်မည် ဖြစ်သည်။
(၇၇)ကြိမ်မြောက် ချင်းအမျိုးသားနေ့ချင်းအလံတော်
ယခုနှစ်တွင် ကျရောက်မည့် (၇၇) ကြိမ်မြောက် ချင်းအမျိုးသားနေ့အတွက် ချင်းအလံ(၂)ခု ရှိနေရာ မည်သည့်အလံကို အလေးပြုရမည် မသိတော့ပေ။ ချင်းပြည်အတွင်း အဖွဲ့အစည်းများသည် ဝိဝါဒကွဲခဲ့မှု ရှိသကဲ့သို့ ပြည်ပရောက်ရှိနေသူများမှာလည်း ဝိဝါဒကွဲနေသည်။ အလံတွင် CC,CNF/A လက်စွဲကိုင် အလံနှင့် ICNCC,CBနှင့် SAC လက်အောက်ခံ စွဲကိုင်သော အလံ (ယခင်အလံ) ဟူ၍ နှစ်မျိုး ရှိနေပါသည်။ထိုသို့ဖြစ်ရာ ချင်းအမျိုးသားနေ့ကို အတူယှဉ်တွဲနွဲပျော်နိုင်ဦးမလား ဆိုသည့် အတွေးဝင်နေမိသည်။ ချင်းဘိုးဘွားတို့၏ ချင်းလူမျိုး တစ်လုံးတစ်ဝတည်းဖြစ်ရန် ကြိုးပမ်းတည်ဆောက်ကြသည့် ချင်းအမျိုးသားစည်းလုံး ညီညွတ်မှုသည် ယနေ့ ၂၁ ရာစု တော်လှန်ရေးခေါင်းဆောင်များမှ ဖျက်စီးနေပြီဟု စွပ်စွဲချင်မိသည်။ ဤသို့ ဖြစ်ရခြင်းမှာ ယနေ့ ချင်းခေါင်းဆောင်များ၏ သဘောထားသေးတိမ်မှု၊ ကိုယ်ကောင်းအတ္တကြီးမှု၊ ချင်းအမျိုးသားရေးကို အလေးမထားမှု၊ အမျိုးသားရေးအမြင် အားနည်းမှုဟု မြင်သည်။ “ချင်းလူမျိုး” တစ်လုံးတစ်ဝတည်း ဖြစ်ချင်၊ ရှိချင်သည့် ချင်းပြည်သူများအဖို့ အင်မတန် ဝမ်းနည်းရသည်။
တော်လှန်ရေးလားရာနှင့် တော်လှန်ရေးတပ်ဦး
Chin National State, Chin National Army ဟု ဖွဲ့စည်းတည်ဆောက်ထားကြသော်လည်း ယခုချိန်ထိ တစ်စုတစ်စည်းဖြင့် ဂုဏ်ယူဝမ်းသာမည့် ချင်းအမျိုးသားရေး အနေအထားကို မမြင်သေးပေ။ အချင်းချင်းကြား ပဋိပက္ခပြဿများနှင့် လုံးပန်းနေကြသည်ကို တွေ့မြင်ရသည်။ CC, CNF/A အုပ်စုနှင့် ICNCC, CB အုပ်စုဟူ၍ အပြိုင်ဖြစ်နေရာ အုပ်စုအသီးသီးက အမျိုးသားတည်ဆောက်ရေးနှင့် အင်အားတောင့်တင်းရေး မည်သည်ကို ဦးစားပေးတည်ဆောက်နေသည်ကို ယခုတိုင်ဝေခွဲမရ ဖြစ်နေဆဲဖြစ်သည်။ နှစ်ဖွဲ့စလုံးသည် မိမိတို့အဖွဲ့ အာဏာခိုင်မြဲရေးထက် ချင်းပြည်သူနှင့် ချင်းပြည်အနာဂတ်အတွက် ကြည့်ရှုကာ အမျိုးသားရေး စည်းလုံးညီညွတ်မှုကို ဦးစားပေး ဆောင်ရွက်သင့်သည်။
ချင်းမျိုးနွယ်စုအားလုံးနှင့် ချင်းလက်နတ်ကိုင်အားလုံး ပါဝင်နိုင်သည့် အခင်းအကျင်းအသစ်တစ်ခုကို ပြန်လည် ဖွဲ့စည်းပြီး ချင်းအမျိုးသားရေးအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ကာ ထိုတပ်ပေါင်းစုမှတဆင့် ချင်းလူမျိုးအားလုံးကို ကိုယ်စားပြုလွှမ်းခြုံမည့် ချင်းအမျိုးသားတပ်မတော်ကို တည်ဆောက်သင့်သည်။
CNF/A , CB ခေါင်းဆောင်ပိုင်းနှင့် မိမိကိုင်စွဲထားသည့် မူဝါဒကို အပြောင်းအလဲ ကြီးကြီးမားမား လုပ်ရန် လိုအပ်ပေလိမ့်မည်။ ထိုသို့ အပြောင်းအလဲများ မလုပ်ဆောင်ပါက ချင်းပြည်နယ်သည် နောက်ကျကျန်ရစ်မည်သာမကဘဲ အကွဲကွဲအပြဲပြဲ ဖြစ်လာနိုင်သည်။
(၁)
တစ်ခုတည်းသော ချင်းအမျိုးသားတပ်မတော် ရှိရန်လိုအပ်ခြင်း
ချင်းပြည်နှင့် ချင်းလူမျိုးများကို အကာအကွယ်ပေးရန် ချင်းအမျိုးသားလုံခြုံရေးအတွက် ချင်းအမျိုးသားတပ်မတော်သည် မရှိမဖြစ်လိုအပ်ပါသည်။ ချင်းလူမျိုးအားလုံးကို ကိုယ်စားပြုသော ချင်းတပ်မတော် ရှိမှသာ မကွေး၊ စစ်ကိုင်းနှင့် ရခိုင်ပြည်နယ်တွင် နေထိုင်သည့် ချင်းပြည်သူများကိုလည်း ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ချင်းလူမျိုးအပေါ် အခြားလူမျိုးကြီးတို့၏ အမျိုးမျိုးသောရန်မှ အကာအကွယ်ပေးရန် တာဝန်သည် ချင်းအမျိုးသားတပ်မတော် တာဝန်ပင် ဖြစ်သည်။
(၂)
CC, CNF/A
မိမိတို့ ရေးဆွဲပြဌာန်းလိုက်သည့် မူဝါဒများကို ပြန်လည်သုံးသပ်ပြီး ပြန်လည်ပြင်ဆင်ရန် လိုအပ်ပေလိမ့်မည်။ ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ရန် အတွက် “တော်လှန်ရေးကာလမို့လို့” ဟူသော ဆင်ခြေမပေးသင့်တော့ပေ။ တော်လှန်ရေးအတွင်း စည်းလုံးမှုကို တည်ဆောက်နိုင်ရန် အထူးလိုအပ်ပါသည်။ CB အဖွဲ့များ၏ ထောက်ပြသည့် အာဏာခွဲဝေရေးကိစ္စ၊ CNA သာ တစ်ခုတည်းသော ချင်းအမျိုးသားတပ်မတော် ဖြစ်ရမည်ဆိုသည့်ကိစ္စ၊ ချင်းပြည်အလံကိစ္စ စသည့်အချက်များ အလျင်အမြန် ပြင်ဆင်နိုင်ရန် လိုအပ်လိမ့်မည်။
(၃)
ICNCC, CB
မိမိထောက်ပြသည့် အချက်များအပေါ် မိမိတို့ဖြစ်ချင်သည်ထက် ချင်းလူမျိုးနှင့် ချင်းပြည်အတွက် ဖြစ်သင့်သည့် မူများ၊ အကြောင်းအရာများကို ပြုပြင်ရေးဆွဲပြီး အတိအလင်း ဖော်ပြပေးစေလိုသည်။ CC အစိုးရ အဖွဲ့နှင့်အပြိုင် စင်ပြိုင်အစိုးရကဲ့သို့ တည်ဆောက်ရန် မကြိုးစားသင့်ပေ။ မကြာခဏ တွေ့ဆုံ ညှိနှိုင်းမှုပြုလုပ်ခြင်းမှ ပြန်လည်ပေါင်းစည်းရေးကို ဆောင်ရွက်သင့်သည်။ သို့မဟုတ်လျှင် စင်ပြိုင်အစိုးရကဲ့သို့ ချင်းအမျိုးသား ပြည်နယ်ထူထောင်မည်ဆိုလျင် ချင်းအမျိုးသားနှင့် ချင်းပြည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမည် ဖြစ်သည်။ ချင်းအမျိုးသားရေး ပြိုကွဲလာပါက ချင်းအမျိုးသားရေး အင်အားချိနဲ့လာသည်နှင့်အတူ တပါးအမျိုးသားတို့၏ ဩဇာလွှမ်းမိုးမှု မလွဲမသွယ် ခံရပါလိမ့်မည်။ ဤအချက်ကို အထူးသတိချပ်စေလိုသည်။
(၄)
ချင်းခေါင်းဆောင်
ချင်းခေါင်းဆောင်များသည် လူမျိုးအစွဲ၊ ဒေသအစွဲ မရှိသင့်ပေ။ “ချင်း”ဆိုသည်မှာ အားလုံးသည်”ချင်း” ဟူသည့် တစ်လုံးတည်းသော “ချင်း” အဖြစ် ရှုမြင်နှလုံးသွင်းနိုင်ရမည်။ ထိုမှသာ ချင်းအမျိုးသားလုံးကို ကိုယ်စားပြု လွှမ်းခြုံနိုင်မည်ဖြစ်သည်။ ချင်းမျိုးနွယ်စု အားလုံးပါဝင်နိုင်သည့် အခင်းအကျင်း “မူ” တစ်ခုကို ရေးဆွဲ သဘောတူနိုင်ပြီဆိုလျင် ဝိဝါဒကွဲလွဲမှု အားလုံးသည် ချုပ်ငြိမ်းလိမ့်မည်ဟု ယုံကြည်သည်။
(၅)
ယနေ့ ချင်းတော်လှန်ရေး
ယနေ့ချင်းတော်လှန်ရေးသည် ချင်းဘိုးဘွားများ သွေး၊ ချွဲ ဖြင့် တည်ဆောက်ခဲ့သည့် ချင်းအမျိုးသားနေ့ကိုပင် ပျောက်ပျက်တော့မည်အထိ ရောက်ရှိနေသည်ကို တွေ့ရသည်။ မိမိတို့ ချင်းလူမျိုးအပေါ် အာဏာရှင်စနစ်ဖြင့် ဗိုလ်ကျအနိုင်ကျင့် နေသူများကို စုပေါင်း၍ မတော်လှန် မချေမှုန်းဘဲ အချင်းချင်းသာ မကြာခဏ သွေးထွက် သံယိုမှု ဖြစ်နေကြသည်မှာ အင်မတန် ဝမ်းနည်းစိတ်ပျက်စရာ ဖြစ်နေသည်။ နယ်မြေပိုင်ဆိုင်လိုမှုကို ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများ၊ ဒီမိုကရေးစီစံ၊ စနစ်များ၊ ပြည်သူလူထု၏ စိတ်ဆန္ဒများဖြင့် မဆောင်ရွက်ပဲ လက်နတ်အားကိုးဖြင့် တိုက်ခိုက်သိမ်းယူလိုနေခြင်းသည် ဆိုးရွားသည့် နိုင်ငံရေးယဉ်ကျေးမှု၊ ညစ်ညမ်းသော နိုင်ငံရေးအတွေးအခေါ်ပင် ဖြစ်သည်။ လက်နတ်အားကိုးဖြင့် သိမ်းယူမည်ဆိုပါက ထိုဒေသသည် မည်သည့်အချိန်အခါတွင်မျှ အေးချမ်းမှုမရှိတောပဲ ဒေသဖွံ့ဖြိုးတိုးတက်မှုလည်း ရှိလာမယ်မဟုတ်ပေ။ အကြမ်းဖက်မှု၊ ပုန်ကန်မှု ပဋိပက္ခများ မကြာခဏ ထိုဒေသတွင် ဖြစ်ပေါ်လာမည်ဖြစ်သည်။
(၆)
ယခင်က ချင်းအမျိုးသား
ချင်းဘိုးဘွားများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တည်ထောင်ဖက်အဖြစ်၊ ဗြိတိသျှလက်ထဲမှ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် လွတ်လပ်ရေးအတူတကွ ယူဆောင်ဘက်အဖြစ် အရှိန်အဟုန်ကြီးမားသည့် သမိုင်းရှိခဲ့သည်။ ပြည်ထောင်စုသာမက ကမ္ဘာ့အလယ် မျက်နှာပန်းပွင့်ခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်ကာ ချင်းတစ်မျိုးသားလုံး ပြန်လည်၍ သတိပြုပြီး ချင်းပြည်အရေးကို ကောင်းမွန်သည့်လမ်းကြောင်းပေါ် ဦးတည်လျှောက်လမ်းရမည်မှာ သမိုင်းပေးတာဝန်ဖြစ်ကြောင်း တင်ပြအပ်သည်။
Aimin