မလေးရှားတွင် အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေသူများ ဖမ်းဆီးခံရ

မလေးရှားတွင် အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေသူများ ဖမ်းဆီးခံရ

ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၅။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့နယ်၊ Flat Wisma Hock Ann, Chow Kit အနီး တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်သားအပါဝင် နိုင်ငံခြားသား ၁၂၄ ဦး ဖမ်းဆီးခံရကြောင်း မလေးရှားရောက် ချင်းလူမျိုးများထံမှ သိရသည်။

ကွာလာလမ်ပူမြို့နယ်၊ Flat Wisma Hock Ann, Chow Kit အနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက် ၁ နာရီဝန်းကျင်တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့မှ ရှောင်တခင်ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသဖြင့် မြန်မာ ၂ ဦးအပါအဝင် အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၇ ဦး၊ ပါကစ္စတန် ၁၄ ဦး၊ နီပေါ ၄ ဦးနှင့် အိန္ဒိယ ၃ ဦး စုစုပေါင်း ၁၂၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“အသွားအလာ သတိထားနေရတယ်။ ညဘက်တွေလည်း အပြင်မထွက်ရဲဘူး။  အော်ပရာဇီဝင်ပြီးတော့ ဖမ်းမိတဲ့အခါ  အထောက်အထားရှိတဲ့သူတွေကိုတော့ ပြန်လွှတ်ပေးတယ်။ အထောက်အထား မရှိရင် အဆင်တော့မပြေဘူး။ အဲဒီတော့ UN မှာ လျှောက်ထားတဲ့ စာရွက်နဲ့ ကိုယ်က ဘယ်သူဆိုတဲ့ identity ခုခုကို ဘယ်သွားသွား ယူသွားရတယ်…” ဟု မလေးရှားရောက် ချင်းလူငယ်တစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူ အပါအဝင် ဘူးကစ်ဘင်တန်း၊ ရှားအလန်း၊ ဆလန်းကော ပြည်နယ်၊ မလကာတို့ ၊ ဂျိုဟိုး ပီနန်၊ ဂျလန်အာလော စသည့် နေရာအစုံတွင် ယခုရက်ပိုင်းအတွင်း အထောက်အထားမဲ့ နိုင်ငံခြားသားများကို အစုလိုက်အပြုံလိုက် ဆက်တိုက် ဖမ်းဆီးခံနေရကြောင်း သိရသည်။

မလေးရှားတွင် အစိုးရမှ တရားဝင်ဖွင့်ပေးထားသည့် ရွှေ့ပြောင်းလုပ်သား နေရပ်ပြန်ရေး အစီအစဉ် (Migrant Repatriation Program) သည် ၂၀၂၄ ဒီဇင်ဘာလကုန်တွင် ပြီးဆုံးသွားပြီးနောက်ပိုင်း ယခုနှစ် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ အထောက်အထား မရှိသူများ ဆက်တိုက်ဖမ်းဆီးခံနေရပြီး တရုတ်နှစ်သစ်ကူးကာလတွင် အဖမ်းဆီးပိုမိုများပြားကြောင်း မလေးရှားရှိ ချင်းဒုက္ခသည်များအရေး ဆောင်ရွက်နေသည့် ချင်းလူမျိုးတစ်ဦးထံမှ သိရသည်။

လက်ရှိတွင် တရားမဝင်နေထိုင်မှုများနှင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများကို ကူညီနေသည့်အဖွဲ့အစည်းများ ရှိနေသော်လည်း မလေးရှားတွင် မြန်မာနိုင်ငံသားများ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုများလာကာ အလုပ်လုပ်ခွင့်ပါအဝင် ကျန်းမာရေးကိစ္စနှင့် ခြားအခက်အခဲများ ရှိနေသေးသည့်အတွက် အကူအညီများ လိုအပ်နေဆဲဖြစ်ပြီး မလေးရှားနိုင်ငံမှတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ မြန်မာနိုင်ငံသား ၁၈၀,၀၀၀ ခန့်ရှိသည်ဟု မလေးရှားနိုင်ငံ UNHCR ရုံးမှ စာရင်းများအရ သိရသည်။

သတင်း – James Roe

 

Leave a Reply

Your email address will not be published. Required fields are marked *